တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
မြန်မာ့ဂျူဒိုအားကစားအဆင့်အတန်းပိုမိုတိုးတက်မြင်းမားလာစေရန်နှင့် မျိုးဆက်သစ်ဂျူဒိုအားကစားသမားများစွာပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် အားကစားဥယျာဉ်အတွင်းရှိ မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမောင်မောင်ထွေးဦးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် နည်းပြများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအောင်နိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးကိုအထောက်အကူဖြစ်စေရေးနှင့် အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးတို့အတွက်ရည်ရွယ်၍ နိုင်ငံတော်မှ ငွေကုန်ကြေးကျခံပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် အမျိုးသား/ အမျိုးသမီး တစ်ဦးချင်း ဝိတ်တန်းအလိုက်ပြိုင်ပွဲများ၊ (၂)ဦးတွဲ (KATA) နှင့် Mixed Team (၆)ဦးတွဲ ပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို ကြိုတင်ဖြန့်ဝေပေးထားပြီးဖြစ်၍ အငြင်းပွားစရာများရှိလာပါက ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် တစ်ဦးချင်းဆုတံဆိပ်များအပြင် ဆုကြေးငွေများ၊ အမျိုးသား/အမျိုးသမီး အကောင်းဆုံးဆုများ၊ အမျိုးသားတံခွန်စိုက်ဆုဖလားများ၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားများနှင့် စုပေါင်းတံခွန်စိုက်ဖလားများကိုပါ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများအနေဖြင့် သတ်မှတ်ထားသည့်အတိုင်း ပြိုင်ပွဲဝင်စည်းမျဉ်း/စည်းကမ်းများ၊ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာကြရန်နှင့် တည်းခိုနေထိုင်စားသောက်မှုများ၊ ကြို/ပို့ ကိစ္စရပ်များတွင် အခက်အခဲများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြဆောင်ရွက်သွားရန်လိုကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီးအစည်းအဝေးတက်ရောက်လာကြသူများက ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်း(rule & regulations)များ၊တည်းခိုနေထိုင်စားသောက်မှုများ၊ ပြိုင်ပွဲကွင်းသို့ ကြို/ပို့ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။


