ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့ နံနက်(၉:၃၀) နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာစောက လူငယ်ရေးရာဦးစီးဌာနနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့်ဟောပြောခြင်း၊ ဇမ္ဗူသီရိမြို့နယ်တိုက်ကွမ်ဒိုအားကစားအဖွဲ့မှ သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အခမ်းအနား အပြီးတွင် နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်မှ တိုက်ကွမ်ဒိုသရုပ်ပြအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန္တာစော၊ ဒုတိယညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးမျိုးသက်၊ ဦးဝင်းဌေးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းအုပ်ကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား(၁၅ဝ)ဦးခန့် တက်ရောက်ခဲ့ကြ ပြီး လူငယ်အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။




