အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားပိုက်ကျော်ခြင်း/ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး၊ဖေဖော်ဝါရီ(၉)။

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် အမျိုးသားပိုက်ကျော်ခြင်းနှင့် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကများ အေရိုးဗစ်အကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲအဖြစ် ဇိုင်း/တောင်(က)အသင်းနှင့် P.H.K စည်တီး(က) အသင်းတို့ ယှဉ်ပြိုင် ကစားနေမှု၊ အလွတ်တန်းဖူဆယ် ဗိုလ်လုပွဲအဖြစ် HTAN THEE အသင်းနှင့် LUCKY FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့်   အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အလွတ်တန်းဖူဆယ်ပြိုင်ပွဲတို့တွင် အကောင်ဆုံး အားကစားသမားဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆု (၁)သိန်းကျပ်စီကို အစိုးရအဖွဲ့ အတွင်း‌ရေးမှူးနှင့် ဥပဒေချုပ်တို့မှလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသော K.T.N(B) အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၃) သိန်းကျပ်ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ အလွတ်တန်းဖူဆယ်ပြိုင်တွင် တတိယဆုရရှိသော ဥဿာအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းကျပ်ကို လူမှုရေးရာဝန်ကြီးမှလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်တွင် ဒုတိယဆုရရှိသော P.H.K စည်တီး (က) အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု(၅)သိန်းကျပ်ကို  သယံဇာတရေးရာဝန်ကြီးမှလည်းကောင်း၊ အလွတ်တန်း ဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော LUCKY FC အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၇) သိန်းကျပ်ကို   စီးပွားရေးရာဝန်ကြီး မှလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဇိုင်း/တောင် (က) အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှလည်ကောင်း၊   အလွတ်တန်းဖူဆယ်ပြိုင်ပွဲတွင် ပထမဆု ရရှိသော HTAN THEE အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်မှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကပြဖျော်ဖြေကြသည့် အဖွဲ့(၂)ဖွဲ့အတွက် ချီးမြှင့်ငွေ(၅)သိန်းကျပ်စီနှင့် ပိုက်ကျော်ခြင်း၊ ဖူဆယ်ပြိုင်ပွဲ ဒိုင်လူကြီးများအား ထောက်ပံ့ငွေ(၆)သိန်းပေးအပ်ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဇိုင်း/တောင် (က) အသင်းအား       ဆုဖလားနှင့်ငွေသားဆု(၇)သိန်း ကျပ်အားလည်းကောင်း၊ အလွတ်တန်း ဖူဆယ်ပြိုင်ပွဲတွင် ပထမဆု ရရှိသော HTAN THEE အသင်းအား ဆုဖလားနှင့် ငွေသားဆု (၁၀)သိန်းကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။