၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများ အတည်ပြုနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၂၂။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ပါဝင်ယှဉ်ပြိုင်မည့် အားကစားနည်းများ အတည်ပြုနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် လာမည့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် အားကစားနည်း ၅၀ နည်းခန့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားရာတွင် မိမိတို့အားသာသည့် အားကစား နည်း(၂)နည်း မပါဝင်သည့်အတွက် ကျန်အားကစားနည်းများကို အားသာမှုရှိပြီး အောင်မြင်မှု ရရှိအောင် လေ့ကျင့်နိုင်ရန် ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ ကုန်ကျစရိတ်လျော့ချနိုင်စေရန်အတွက် ဆုရနိုင်ခြေနည်းသည့် အားကစားနည်းများနှင့် လူအင်အား များသည့် အသင်းလိုက်အားကစားနည်းများကို စနစ်တကျ စိစစ်၍ ၎င်းတို့အနက်မှ ဆုတံဆိပ် မျှော်မှန်းနိုင်ပြီး အမှန်တကယ် အရည်အချင်းရှိသူများကိုသာ ရွေးချယ်၍ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ထည့်သွင်းကျင်းပမည့် အားကစားနည်းများထဲမှ အားသာမှုရှိသည့် အားကစားနည်းများနှင့် အားနည်းမှုရှိသည့် အားကစားနည်းများကို မှန်မှန်ကန်ကန် စိစစ်သုံးသပ် တင်ပြကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ မြို့ ၃ မြို့တွင် ကျင်းပသွားမည် ဖြစ်၍ မြန်မာနိုင်ငံမှ အားသာသည့် အားကစားနည်းများ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ဝိုင်းဝန်း အကြံပြု ဆွေးနွေးတင်ပြပေးသွားရန် ပြောကြားခဲ့ပြီးနောက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်း ၂၄ နည်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်မည့် အားကစားနည်းများ၏ အသေးစိတ်စာရင်းများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာကြသူများက ဆုတံဆိပ်များရရှိနိုင်မည့် အားကစားနည်းများ စခန်းသွင်းလေ့ကျင့်မည့် အားကစားနည်းများနှင့် ပတ်သက်ပြီး အသီးသီး အကြံပြုဆွေးနွေး တင်ပြခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လျာထားသည့် အားကစားအဖွဲ့ချုပ်များနှင့် ကြိုတင်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားသမားများအား အာဟာရပြည့်ဝအောင် ထပ်ဆောင်းကျွေးမွေးနိုင်ရေးအတွက် လိုအပ်သည်များ တွက်ချက်တင်ပြပေးရန်နှင့် အကြံပြု ဆွေးနွေးတင်ပြ ခဲ့သည့် အချက်အလက်များကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဝန်ကြီးဌာနနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာအတွက် အထူးဂရုစိုက်၍ စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းပြီး အားထည့်ဆောင်ရွက်သွားရန်လိုကြောင်းပြောကြားခဲ့ပြီး အစည်းဝေးအား ရုပ်သိမ်းခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးထိန်းလင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။




