အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့သည့် ရှမ်းပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီး၊ ဇွန်လ(၁၄)ရက်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့သည့် ရှမ်းပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်ခြင်းကို ဇွန် (၁၄)ရက် မွန်းလွဲ (၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ နိုင်ငံ့ကိုယ်စားပြု အားကစားသမား (၃၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခွန်ဘိုကာတာ အားကစားနည်းတွင် ရွှေ(၁)ခု၊ ကြေး(၁)ခု၊ ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် ရွှေ(၂)ခု၊ ကြေး (၁)ခု၊ လှေလှော်ပြိုင်ပွဲတွင် ရွှေ(၁)ခု၊ ငွေ(၅)ခု၊ ကြေး(၂)ခု၊ အားနစ်အားကစားနည်းတွင် ငွေ(၂)ခု၊ ကြေး(၃)ခု၊ ဘောလုံးအားကစားနည်းတွင် ငွေ (၁)ခု၊ ဗိုဗိနမ် အားကစားနည်းတွင် ကြေး(၃)ခုနှင့် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ကြေး(၁)ခု စသည်ဖြင့် ရွှေ၊ ငွေ၊ ကြေး တံဆိပ် စုစုပေါင်း (၂၃)ခုတိတိ အောင်မြင်ဆွတ်ခူးရယူခဲ့သည်ကို ဝမ်းမြောက်ဂုဏ်ယူဖွယ် တွေ့ရှိရပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားသမားများ၏ ကြိုးစားအားထုတ်မှုကြောင့် ဆုတံဆိပ်ရရှိမှု တိုးမြှင့်ရရှိခဲ့သည်ကိုတွေ့ရပြီး နောက်လာမည့် နိုင်ငံတကာအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး တံဆိပ်များ ယခုထက်ပိုမိုရရှိပြီး ရှမ်းပြည်နယ်၏ ဂုဏ်၊ နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ရေးနှင့် အရှေ့တောင်အာရှမှသည် အာရှအဆင့် အာရှမှသည် ကမ္ဘာအဆင့်အထိ ထိုးဖောက်နိုင်အောင် ရည်မှန်းချက်ထားပြီး ဆက်လက်ကြိုးပမ်းအားထုတ်ကြရန် ပြောကြားသည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ တစ်နှစ်တာအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားလှုပ်ရှား ဆောင်ရွက်မှု အမြင့်မားဆုံးဆု ပထမဆုဖလားအား ရှမ်းပြည်နယ်အားကစားနှင့် ကာယာပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ထံသို့ အပ်နှင်းပြီး အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရရှိခဲ့ကြသည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများ ဂုဏ်ပြု ဆုငွေချီးမြှင့်ပေးအပ်ရာ ရွှေတံဆိပ်ဆုရရှိခဲ့သော ခွန်ဘိုကာတာ(အတွက်လိုက်)ပြိုင်ပွဲ၊ လှေလှော်အားကစားနည်း (၅ ယောက်လှော် 250m) ပြိုင်ပွဲ၊ ဘိလိယက်နှင့်စနူကာ(9 Ball Single/Double)ပြိုင်ပွဲ၊ ငွေတံဆိပ်ဆုရရှိခဲ့သော အားနစ်အားကစားနည်း ၅၀-၅၅ ကီလိုတန်း(ဖော့/ ကြိမ်တုတ်အတိုက်)ပြိုင်ပွဲ၊ အမျိုးသမီးဘောလုံပြိုင်ပွဲ၊ လှေလှော်အားကစားနည်း Mix(250m/500m)၊ Open(800m)၊ Men(800m)ပြိုင်ပွဲ၊ ကြေးတံဆိပ်ဆုရရှိခဲ့သော ခွန်ဘိုကာတာ အားကစားနည်း(လက်သိုင်းအပြ)ပြိုင်ပွဲ၊ ဘိလိယက်နှင့်စနူကာ(နှစ်ယောက်တွဲ)ပြိုင်ပွဲ၊ လှေလှော်အားကစားနည်း Open (500m)၊ Men(500m)ပြိုင်ပွဲ၊ ဗိုဗီနမ်အားကစားနည်း(ကျား+မအပြ)/(ဓါးတစ်လက်အသင်းလိုက်)(အတွဲတိုက်အပြ)ပြိုင်ပွဲ၊ အားနစ်အားကစားနည်း ၅၀ ကီလိုတန်း (ဖော့/ ကြိမ်တုတ်အတိုက်) ၅၅- ၆၀ ကီလိုတန်း(ဖော့တုတ်အတိုက်)ပြိုင်ပွဲ၊ ပြေးခုန်ပစ်အားကစားနည်း (မီတာ- ၁၀၀၀၀)အပြေးပြိုင်ပွဲ၊ ပီတန်းအားကစားနည်းတွင် ရွှေတံဆိပ်ဆုနှင့် လှေလှော် အားကစားနည်းတွင် ငွေတံဆိပ်ဆုရရှိအောင် နည်းပြနိုင်ခဲ့သော နည်းပြများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် ဆုရအားကစားသမားများ ကိုယ်စား အားကစားသမား တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားကြောင်း သိရှိရသည်။