အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မွန်ပြည်နယ်မှ ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မော်လမြိုင် ဇွန်လ(၁၃)ရက်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မွန်ပြည်နယ်မှ ဆုရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ (၁၃)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ SunShine Hotel ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နိုင်ငံဂုဏ်ဆောင် ဆုရရှိကြသည့် နည်းပြနှင့် အားကစားသမားများမှ တစ်ဦးချင်းမိတ်ဆက်ဂါဝရပြုပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက အားကစားသည် နိုင်ငံသူ ၊ နိုင်ငံသားများရဲ့ စိတ်နှလုံးကို ဆွဲဆောင်သိမ်းသွင်းနိုင်ခြင်း ၊ နိုင်ငံဂုဏ် ၊ အမျိုးဂုဏ် ၊ ဇာတိဂုဏ်ကိုဆောင်ကာ အမျိုးသားရေးစိတ်ဓာတ်တွေ ပိုမိုထက်သန်စေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းမှာ အနိုင်မခံ၊ အရှုံးမပေးတဲ့ စိတ်ဓာတ် ၊ ခိုင်မာတဲ့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေနိုင်တဲ့ အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိမိတို့နိုင်ငံရဲ့ အားကစားအဆင့်အတန်းကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှ ဒေသအတွင်း ဂုဏ်သိက္ခာအမြင့်ဆုံး အားကစားပြိုင်ပွဲ အာဆီယံနိုင်ငံများ၏ အားကစားအဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲ ၊ နိုင်ငံတစ်နိုင်ငံ၏ အားကစားအဆင့်အတန်းကို တိုင်းတာသည့် အားကစားပြိုင်ပွဲကြီးဖြစ်ပြီး ဒီပြိုင်ပွဲကြီးတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခဲ့ကြသည့် မွန်ပြည်နယ်မှ အားကစားသမားများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည့် မွန်ပြည်နယ်မှ နည်းပြနှင့် အားကစားသမား(၉)ဦးက ရွှေတံဆိပ်(၂)ဆု၊ ငွေတံဆိပ်(၄)ဆု ၊ ကြေးတံဆိပ်(၄)ဆုရရှိအောင် နိုင်ငံအတွက် စွမ်းဆောင်ပေးသည့်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့် ဂုဏ်ပြုပါကြောင်း၊နိုင်ငံတော်နဲ့ ပြည်သူလူထုအပါအဝင် ပံ့ပိုးကူညီကြသူများရဲ့ အားပေးချီးမြှောက်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများသည် မိမိတို့ရဲ့ ဇွဲ ၊ လုံ့လ ၊ ဝီရိယ၊ ကြိုးပမ်းအားထုတ် လေ့ကျင့်မှု ၊ စည်းကမ်းလိုက်နာမှု ၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်များနဲ့ ပေါင်းစပ်ပြီး နောင်လာမယ့် နိုင်ငံတကာပြိုင်ပွဲတွေမှာ ယခုထက်ပိုမို အောင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းတို့က ပီတန်းအားကစားနည်းဖြင့် ပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သော မခင်ချယ်ရီသက် အား ဂုဏ်ပြုငွေ ကျပ်(၁၀)သိန်း၊ ပိုက်ကျော်ခြင်း (ကွင်းသွင်း) အားကစားနည်းဖြင့် ပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သော မနွယ်နွယ်ထွေးအား ဂုဏ်ပြုငွေ ကျပ်(၁၀)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွာများ ချီးမြှင့်ခဲ့ပြီး၊ ဒုတိယ ငွေတံဆိပ်ဆုနှင့် တတိယ ကြေးတံဆိပ်ဆုရရှိသူများအား ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့ရာ ရွှေတံဆိပ်ဆု ရရှိခဲ့သော နိုင်ငံ့ဂုဏ်ဆောင် ပိုက်ကျော်ခြင်း ( ကွင်းသွင်း ) အားကစားသမား မနွယ်နွယ်ထွေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။