အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ပြေးခုန်ပစ်အားကစားသမားများအား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်(၂)။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်ပြေးခုန်ပစ်အားကစားသမားများအား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဂုဏ်ပြု ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ Multipurpose Hall၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုအဖွင့်အမှာစကားပြောကြားရာတွင် အောင်ပွဲရအားကစားသမားများကို မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်က ယခုလို ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပေးသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ပြေးခုန်ပစ်အားကစားနည်းအနေဖြင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတို့တွင် မီတာ(၁၀၀၀၀)အပြေးပြိုင်ပွဲနှင့် (၂၀)ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတို့မှ ဆုရရှိခဲ့သည့်အတွက် အခြားပြိုင်ပွဲအမျိုးအစားများတွင်လည်း ယခုကဲ့သို့ ဆုတံဆိပ်များ ရရှိအောင် ဆက်လက်ကြိုးစားသွားကြရန်လိုကြောင်း၊ ယခင်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များ ရရှိခဲ့ကြသည့် ပြေးခုန်ပစ်မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများ၏ အားကစား စွမ်းဆောင်ခဲ့မှု သမိုင်းမှတ်တမ်းများကို ဖတ်ရှုလေ့လာရင်းဖြင့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းကြီးများကို လေးစားဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည့်အပြင် ထူးချွန်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိကြောင်း၊ လာမည့်(၂၀၂၅)ခုနှစ် ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယခုနှစ်ထက် ဆုတံဆိပ်များ ပိုမိုရရှိပြီး အောင်မြင်မှုများရရှိအောင် ပိုမိုကြိုးပမ်းအားထုတ်သွားကြရန်လိုကြောင်း၊ စိတ်ဓါတ်နှင့် ခံယူချက်သည် အရေးကြီးသည့်အတွက် မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် မိမိအားကစားနည်းကို ချစ်မြတ်နိုးစိတ် ထားရှိပြီး အနိုင်မခံ အရှုံးမပေးဘဲ  မလျှော့သော ဇွဲ၊ စိတ်ဓါတ်၊ လုံ့လ၊ ဝီရိယတို့ဖြင့် မြန်မာ့ပြေးခုန်ပစ် အားကစားကဏ္ဍတိုးတက်အောင်၊ နိုင်ငံ့ဂုဏ်ကို ထပ်ဆင့်မြှင့်တင်နိုင်အောင် ဆထက်ထမ်းပိုး ဆက်လက် ကြိုးပမ်းလေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဂုဏ်ပြုအမှာစကား ပြောကြားပြီးနောက် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက တတိယဆုများရရှိအောင် လေ့ကျင့်သင်ကြားပေးခဲ့သည့် တာဝေးနည်းပြ ဦးဩဂတ်စတင်းနှင့် လမ်းလျှောက်နည်းပြ ဦးထွန်းတင်တို့ နှစ်ဦးအား ဂုဏ်ပြုဆုငွေ ကျပ်(၁၀)သိန်းစီအားလည်းကောင်း၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက အမျိုးသား(၂၀)ကီလိုမီတာ လမ်းလျှောက်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် မောင်ပြည့်ဖြိုးထွန်းအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၃၀)အားလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသားမီတာ(၁၀၀၀၀)အပြေးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် မောင်သန်းထိုက်စိုးအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၃၀)အား ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြေးခုန်ပစ်အဖွဲ့ချုပ်သို့ လှူဒါန်းထားသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့ပြီးနောက် ဆုရအားကစားသမား(၂)ဦးကိုယ်စား မောင်သန်းထိုက်စိုးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ဝဏ္ဏသိဒ္ဓိမြားပစ်လေ့ကျင့်ရေးကွင်း၌ လေ့ကျင့်လျက်ရှိသည့် မြားပစ်မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် လူငယ်မျိုးဆက်သစ် အားကစားသမားတို့၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် အားကစားသမားများအချင်းချင်း စည်းစည်းလုံးလုံး နေထိုင်ကြရန်နှင့် အသင်းလိုက်စိတ်ဓါတ်၊ မိသားစုစိတ်ဓါတ်ထားရှိကြရန်လိုကြောင်း၊ မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများ ပြည့်ဝပြီး အောင်မြင်မှုများ ပြန်လည်ရရှိအောင် အားသွန် ခွန်စိုက် ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း မှာကြားခဲ့ပြီးနောက် အားကစားသမားများအတွက် လိုအပ် သည့် လေ့ကျင့်ရေးသုံးအထောက်အကူပစ္စည်းများနှင့် အခက်အခဲများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။