အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ ရွှေ(၁)ခု၊ ကြေး(၃)ခု၊ ရိုးရာလှေလှော်အားကစားနည်းမှ ငွေ(၃)ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခုထပ်မံဆွတ်ခူးရရှိ

ကမ္ဘောဒီးယား၊ မေ(၁၆)ရက်။

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ဒေသစံတော်ချိန် မွန်းလွဲ (၂)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Center, Hall (A) ၌ ဗိုဗီနမ်(အားနစ်) (အမျိုးသား/ အမျိုးသမီး) အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အမျိုးသားအလွတ်တန်း စွမ်းရည်ပြအသင်းလိုက်ပြိုင်ပွဲတွင် (ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မောင်အောင်ဇော်သက်၊ မောင်ရဲဇော်မိုး၊ မောင်ရဲထွန်းအံ့တို့အတွဲက ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း၊ ပူးတွဲတတိယ(ကြေးတံဆိပ်ဆု)ကို ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း အလွတ်တန်းစွမ်းရည်ပြပြိုင်ပွဲတွင် (ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မောင်ထက်ဝေလှိုင်ကလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း အလွတ်တန်း စွမ်းရည်ပြပြိုင်ပွဲတွင်(ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မခင်ခင်ခန့်ကလည်းကောင်း၊ အမျိုးသမီးအသင်းလိုက်စွမ်းရည်ပြ ပြိုင်ပွဲများတွင်(ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မခိုင်ကျော့ကျော့ဝေ၊ မကေခိုင်ကျော်၊ မလှိုင်ဖူးဝေတို့အတွဲကလည်းကောင်း တတိယ(ကြေးတံဆိပ်ဆု) တစ်ခုစီကို အသီးသီးရရှိခဲ့ကြသည်။

ထို့နောက် Perk Kampot, Kampot City, Kampot Province ၌ ကျင်းပသည့် ရိုးရာလှေလှော် အားကစားပြိုင်ပွဲများတွင်(ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အသက်(၂၄)နှစ်အောက် (အမျိုးသား) မီတာ(၈၀၀) ၁၂ ယောက်လှော်ပြိုင်ပွဲ၊ အလွတ်တန်း (အမျိုးသား) မီတာ(၈၀၀) ၁၂ ယောက်လှော်ပြိုင်ပွဲနှင့် အသက်(၂၄)နှစ်အောက် (အမျိုးသား) မီတာ(၈၀၀) ၅ ယောက်လှော် ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ဒုတိယ(ငွေတံဆိပ်ဆု) တစ်ခုစီကိုလည်းကောင်း၊ Table Tennis Hall, Olympic Complex ၌ အလေးမအားကစားနည်း အမျိုးသား (၈၉)ကီလိုအထက်ပြိုင်ပွဲတွင် (မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နှင့် ထိုင်း)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မောင်ရန်မျိုးကျော်က တတိယ(ကြေးတံဆိပ်ဆု)ကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

မေ(၁၆)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရိုးရာလှေလှော်၊ ဂျူဒို၊ အလေးမ၊ ဗိုဗီနမ်(အားနစ်)နှင့် ဘောလုံး (အမျိုးသား) အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ် (၃)ခုနှင့် ကြေးတံဆိပ်(၄)ခု ထပ်မံရရှိခဲ့ကြသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် (၂၁)ခု၊ ငွေတံဆိပ်(၂၅)ခုနှင့် ကြေးတံဆိပ် (၆၈)ခု စုစုပေါင်းဆုတံဆိပ်(၁၁၄)ခု ဆွတ်ခူးရရှိထားပြီး ဖြစ်ကြောင်း သိရသည်။