အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အကြို (လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ မတ်(၂၂)။

၂၀၂၃ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လက်ရွေးစင်အားကစားသမားရွေးချယ်မှုအဖြစ် လက်ရည်စမ်း(လက်ဝှေ့)ပြိုင်ပွဲ ကို ယနေ့မွန်းလွဲပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

လက်ရည်စမ်း(လက်ဝှေ့)ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် အမျိုးသားပွဲစဉ်များအဖြစ် (၅၁/၅၄)ကီလိုတန်း၊ (၅၇/၆၀)ကီလိုတန်း၊ (၆၃.၅)ကီလိုတန်း၊ (၆၇/၈၀)ကီလိုတန်း ပွဲစဉ်(၄)ပွဲနှင့် အမျိုးသမီးပွဲစဉ်တွင် (၅၄/၅၇) ကီလိုတန်းတို့တွင် အားကစားသမား(၁၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းပြိုင်ပွဲမှတဆင့် အားကစား သမားများ၏ စွမ်းရည်ပေါ်မူတည်၍ လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ရွေးချယ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲများအပြီးတွင် ပြည်ထောင်စုဝန်ကြီးမှ အားကစားသမားများနှင့်တွေ့ဆုံ၍ ယခုလက်ရည်စမ်း ပြိုင်ပွဲတွင် မိမိတို့၏ အားသာချက်/အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး ဆက်လက်ကြိုးစား လေ့ကျင့်သွားကြရန်လိုကြောင်း၊ ပြိုင်ပွဲတွင် သက်လုံကောင်းစေရန်နှင့် စိတ်ဓါတ်ခိုင်မာပြီး မိမိကိုယ်မိမိ ယုံကြည်မှု ရှိရန်လိုအပ်ကြောင်း၊ ပြိုင်ပွဲတွင် ကံ၊ ဉာဏ်၊ ဝီရိယ၊ ကြိုးစားအားထုတ်မှုတို့နှင့် ပေါင်းစပ်ကာ ပြိုင်ဘက်၏ အားသာချက်/အားနည်းချက်များကို လေ့လာသုံးသပ်ပြီး ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးသည်  အထူးအရေးကြီးကြောင်း၊  ကျန်းမာရေးကောင်းမွန်မှ မိမိတို့၏ အရည်အသွေး၊ အစွမ်းအစများကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်၍ သွားလာနေထိုင်စားသောက်မှုများတွင် အထူးဂရုစိုက်ကြရန်လိုကြောင်း၊ လေ့ကျင့်မှုများပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာမရရှိစေရန်နှင့် လေ့ကျင့်မှုလွန်ကဲခြင်းများမဖြစ်စေရန် နည်းပြ များ၏ သင်ကြားပြသလေ့ကျင့်ပေးမှုအတိုင်း စနစ်တကျ လိုက်နာလေ့ကျင့်သွားကြရန်လိုကြောင်း၊ နည်းပြများ အနေဖြင့်လည်း အားကစားသမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်မှ အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် မလျှော့သော ဇွဲ၊ လုံ့လ၊ စိတ်ဓါတ်တို့ဖြင့် အစွမ်းကုန် ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။