အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို(၁၆.၅.၂၀၂၃)

ရန်ကုန်၊ မေလ (၁၆) ရက်။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ နံနက်(၁၀:၃၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် WE – 301 ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ပန်းစည်းများဖြင့် ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် ရွှေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ရရှိခဲ့သည့် ဘိလိယက်နှင့်စနူကာအားကစားအဖွဲ့၊ ကြေးတံဆိပ်(၆)ဆုရရှိခဲ့သည့် လက်ဝှေ့အားကစားအဖွဲ့နှင့် ဘော်လီဘောအမျိုးသမီးအသင်း စုစုပေါင်း (၄၃)ဦးတို့ ပြန်လည် လိုက်ပါလာကြသည်။

ယနေ့ ပြန်လည်လိုက်ပါလာသော မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ဆုရှင်များမှာ English Billiards Singles ပြိုင်ပွဲမှ ဦးပေါက်စ၊ 9 Ball Pool Men’s Singles နှင့် 9 Ball Pool Men’s Double ပြိုင်ပွဲမှ မောင်မောင် (ခေါ်)ဘုန်းမြင့်ကျော်နှင့် သော်ဇင်ထက် တို့ဖြစ်ကြောင်း သိရှိရသည်။