အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(အားနစ်)အားကစားနည်းမှ ငွေ(၁)ခု၊ ကြေး(၃)ခု၊ ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေ(၁)ခု၊ ဘောလုံး(အမျိုးသမီး) အားကစားနည်းမှ ငွေ(၁)ခု၊ ဂျူဒိုအားကစားနည်းမှ ကြေး(၁)ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခုထပ်မံဆွတ်ခူးရရှိ

ကမ္ဘောဒီးယား၊ မေ(၁၅)။

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်း ဒေသစံတော်ချိန်(၃)နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Center, Hall (A) ၌ ဗိုဗီနမ်(အားနစ်) (အမျိုးသား/ အမျိုးသမီး) အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အမျိုးသမီး (၅၅)ကီလို ကြိမ်တုတ်အတိုက် ပြိုင်ပွဲတွင် (ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မမိုးမိုးအေးက ဒုတိယ(ငွေတံဆိပ်ဆု)၊ အမျိုးသား (၅၅-၆၀ ကီလို) ကြိမ်တုတ်အတိုက် ပြိုင်ပွဲတွင် (ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မောင်ဝင်းသက်ပိုင်၊ အမျိုးသမီး(၅၀-၅၅ ကီလို) ကြိမ်တုတ်အတိုက်ပြိုင်ပွဲတွင် (ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မသန္တာခိုင်နှင့် အမျိုးသား(၆၀-၆၅ ကီလို) ကြိမ်တုတ်အတိုက် ပြိုင်ပွဲတွင် (ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင် ကစားခဲ့ရာမြန်မာနိုင်ငံမှ မောင်လူမင်းဦးတို့က တတိယ(ကြေးတံဆိပ်ဆု) (၁)ခုစီကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Basketball Hall NSTC ၌ ကျင်းပသည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသမီးနှစ်ယောက်တွဲအသင်းလိုက်ပြိုင်ပွဲတွင် (ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ လာအိုနှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မယမုံဇင်၊ မဖြူဖြူသန်းနှင့် မခင်နှင်းဝေတို့အတွဲက ဒုတိယ(ငွေတံဆိပ်ဆု)ကိုလည်းကောင်း၊ Chroy Changvar Convention Center, Hall (C) ၌ ဂျူဒိုအားကစားနည်းမှ အမျိုးသမီး (၅၂ ကီလို)အောက်ပြိုင်ပွဲတွင် (ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ စင်္ကာပူ၊ လာအိုနှင့် မလေးရှား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မခင်ခင်စုက တတိယ (ကြေးတံဆိပ်ဆု)ကိုလည်းကောင်း၊ အလေးမအားကစားနည်းမှ အမျိုးသား (၈၁ ကီလို) ပြိုင်ပွဲတွင် (အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ မောင်သီဟအောင်က တတိယ(ကြေးတံဆိပ်ဆု)ကိုလည်းကောင်း အသီးသီး ထပ်မံရရှိခဲ့ကြသည်။

ဆက်လက်ပြီး ယနေ့ည ဒေသစံတော်ချိန် (၇)နာရီခွဲတွင် National Olympic Stadium ၌ ကျင်းပသည့် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံကို (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပထမ (ရွှေတံဆိပ်ဆု)ကို လည်းကောင်း၊ မြန်မာနိုင်ငံမှ ဒုတိယ(ငွေတံဆိပ်ဆု)နှင့် ထိုင်းနိုင်ငံမှ တတိယ (ကြေးတံဆိပ်ဆု)ကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

မေ(၁၅ )ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပိုက်ကျော်ခြင်း၊ E-Sports၊ အလေးမ၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်(အားနစ်)နှင့် ဘောလုံး(အမျိုးသမီး) အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ ငွေတံဆိပ် (၃)ခုနှင့် ကြေးတံဆိပ်(၅) ခု ထပ်မံရရှိခဲ့ကြသည်။

မေ(၁၆)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လှေလှော်၊ ဂျူဒို၊ အလေးမ၊ ဗိုဗီနမ်(အားနစ်)နှင့် ဘောလုံး (အမျိုးသား) အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပါသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် (၂၀)ခု၊ ငွေတံဆိပ်(၂၂)ခုနှင့် ကြေးတံဆိပ် (၆၄)ခု စုစုပေါင်းဆုတံဆိပ်(၁၀၆)ခု ဆွတ်ခူးရရှိထားပြီး ဖြစ်ကြောင်း သိရသည်။