အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်းအလိုက် By Name ပေးပို့နိုင်ရေးနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ (၂၈)။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် နှင့်ရန်ကုန်တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များ၏ By Name ပေးပို့နိုင်ရေးနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း (Multi-Purpose Hall)၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ အားကစားနည်းအလိုက် တာဝန်ခံများတက်ရောက်ကြသည်။

အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ခုနှစ်၊ မေလ (၅)ရက် နေ့မှ (၁၇)ရက်နေ့အထိ အားကစားနည်း (၄၀)နည်းဖြစ် ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံမှ အားကစားနည်း(၂၀)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်နှင့်ရန်ကုန်မြို့တို့တွင် သက်ဆိုင်ရာအားကစားနည်းအလိုက် စခန်းဝင်လေ့ကျင့်မှုများ အသီးသီး ပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ SEA Games ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အချိန် နီးကပ်လာပြီဖြစ်သည့်အတွက် အားကစားနည်းအလိုက် By Name ဖြင့်ပတ်သက်ပြီး Contingent Book တွင် ထည့်သွင်းဖော်ပြနိုင်ရေး အားကစားနည်းအလိုက် တာဝန်ရှိသူများမှ Official Name Lists များကို အတည်ပြုတင်ပြပေးရန်လိုကြောင်း၊ SEA Games တွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ ကိုယ်ရေးအချက်အလက်များကို သတ်မှတ်ရက်အတွင်း အချိန်မီဖောင်ဖြည့်သွင်းနိုင်ရေး သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ By Name ရွေးချယ်ရာ တွင် အားကစားနည်းအလိုက် စံချိန်စံညွှန်းကောင်းမွန်၍ အရည်အချင်းရှိပြီး အလားအလာရှိသည့် အားကစားသမားများကို ရွေးချယ်စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်မှ အားကစားကို ပံ့ပိုးကူညီပေးလျက်ရှိသည့်အတွက် အားကစားဖြင့်နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်ပြီး အားကစားလောက ပိုမိုအောင်မြင်တိုးတက်စေရန် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြိုင်ပွဲကာလ နီးကပ်လာပြီဖြစ်သည့်အတွက် အားကစားနည်းအလိုက် အသင်းအုပ်ချုပ်သူ/နည်းပြများမှ မိမိတို့ အားကစားသမားများ၏ နေထိုင်၊ သွားလာ၊ စားသောက်မှုများကို ဂရုတစိုက် ကြပ်မတ်ဆောင်ရွက်ပေး ရန်လိုကြောင်း၊ အားကစားသမားများအနေဖြင့် ရေးဆွဲထားသည့် Training Program အတိုင်း လေ့ကျင့်မှုများပြုလုပ်သွားရန်နှင့် ထိခိုက်ဒဏ်ရာ(Injury) မရရှိစေရန် အုပ်ချုပ်သူ/နည်းပြများမှ အနီးကပ် ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုကြောင်း၊ ပြိုင်ပွဲသုံးပစ္စည်းများအား ပြိုင်ပွဲမတိုင်မီ (၂)လ အလိုတွင် အားကစားသမားများနှင့် Fitting ကျနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရန် လိုကြောင်း၊ လေ့ကျင့်ရေးသုံးနှင့် ပြိုင်ပွဲသုံးပစ္စည်းများ ဝယ်ယူပြီးစီး၍ ဖွင့်ဖောက်စစ်ဆေးရန်ကျန်ရှိသည့် အားကစားအဖွဲ့များအနေဖြင့် စစ်ဆေးမှုခံယူနိုင်ရေး အမြန်ဆုံး ဆောင်ရွက်သွားရန်လိုကြောင်းပြောကြား ခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် သက်ဆိုင်ရာအားကစားနည်းအလိုက် တာဝန်ရှိသူများမှ အသင်းအုပ်ချုပ်သူ/နည်းပြနှင့် ပြိုင်ပွဲဝင်အားကစားသမား အင်အားအခြေအနေများ၊ အားကစားနည်းအလိုက် ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းရရှိမှုအခြေအနေများ၊ ပြိုင်ပွဲအမျိုးအစား (Event)အလိုက် မျှော်မှန်းဆုတံဆိပ်ရရှိနိုင်မှု အခြေအနေများ၊ ပြိုင်ပွဲဝင်ဝတ်စုံနှင့် ပြိုင်ပွဲသုံးအားကစားအထောက်အကူပြုပစ္စည်းများ ဝယ်ယူထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့မှုများအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။