အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝူရှူးအားကစားနည်းမှ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၂)ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ကြေးတံဆိပ်(၁)ခုနှင့် တိုက်ကွမ်ဒိုအားကစားနည်းမှ ကြေးတံဆိပ် (၂)ခု ထပ်မံဆွတ်ခူးရရှိ

ကမ္ဘောဒီးယား၊ မေ(၁၂)။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် အားကစားပြိုင်ပွဲများသို့ ယနေ့နံနက်(၉)နာရီတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (A)၌ ကျင်းပလျက်ရှိသည့် ဝူရှူး (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲပွဲစဥ်များအဖြစ် ချန်းချွမ်(အမျိုးသမီး) မြောက်ပိုင်း လက်သိုင်းပြိုင်ပွဲတွင် (မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မစန္ဒီဦးက ပထမ(ရွှေတံဆိပ်)ဆု ကိုလည်းကောင်း၊ ဆန်းဆို(အမျိုးသမီး) (၄၈)ကီလို ပြိုင်ပွဲတွင် (ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့်ထိုင်း)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မချယ်ရီသန်းက ဒုတိယ(ငွေတံဆိပ်) ဆုကိုလည်းကောင်း၊ (အမျိုးသမီး) နန်းကွန့်- တောင်ပိုင်းတုတ်ရှည်ပြိုင်ပွဲနှင့် (အမျိုးသမီး) နန်းသောင်း-တောင်ပိုင်းဓားသိုင်းပြိုင်ပွဲတွင် (ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာနှင့် မလေးရှား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မအေးသစ္စာမြင့်က တတိယ(ကြေးတံဆိပ်)ဆုကိုလည်းကောင်း၊ ဆန်းဆို(အမျိုးသား) (၇၀)ကီလို ပြိုင်ပွဲတွင် မောင်နေဝင်းထွဋ်က တတိယ(ကြေးတံဆိပ်)ဆု ကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

ဝူရှူးအားကစားပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ချန်းချွမ် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့ကြသူများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံ ဝူရှူး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာတို့က လည်းကောင်း၊ အခြားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အဖွဲ့သည် Aeon Hall, Aeon Mall Sen Sok ၌ ကျင်းပလျက်ရှိသည့် ဘိလိယက်နှင့် စနူကာအားကစားပြိုင်ပွဲများကို သွားရောက်ကြည့်ရှုအားပေးခဲ့ရာ စနူကာ(အမျိုးသား) နှစ်ယောက်တွဲ-Men’s Snooker Double အကြိုဗိုလ်လုပွဲ ပြိုင်ပွဲ၌ (ကမ္ဘောဒီးယား၊ မလေးရှား၊ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်္ကာပူနှင့် ထိုင်း)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်မောင်(ခ) ဘုန်းမြင့်ကျော်နှင့် မောင်နေမင်းထွန်းတို့ အတွဲက တတိယ(ကြေးတံဆိပ်)ဆုကို ရရှိခဲ့ကြသည်။

ဆက်လက်ပြီး ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (F) ၌ တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များကို ကျင်းပခဲ့ရာ အမျိုးသမီးတစ်ဦးချင်း Freestyle Poomsae ပြိုင်ပွဲ၌ (မြန်မာ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မနှိုင်းဧကရီစိုးက တတိယ(ကြေးတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း Recognized Poomsae ပြိုင်ပွဲ၌ (လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ မြန်မာနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ ကောင်းဇင်ခန့်က တတိယ(ကြေးတံဆိပ်)ဆုကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြပါသည်။

ယနေ့ညပိုင်းတွင် Army Stadium ၌ ကျင်းပသည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဥ်တွင် မြန်မာအသင်းနှင့်ထိုင်းအသင်းတို့သည် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ရာ မြန်မာအသင်းက ထိုင်းအသင်းကို (၄)ဂိုး (၂)ဂိုးဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့သည်။

အဆိုပါ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

မေ (၁၂) ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး၊ ပီတန်း၊ ကြက်တောင်၊ E-sports ၊ ဘိလိယက်၊ တင်းနစ်၊ တိုက်ကွမ်ဒို၊ ပိုက်ကျော်ခြင်းနှင့် ဘောလုံး အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ရာ ရွှေတံဆိပ်(၁) ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၅)ခု ထပ်မံရရှိခဲ့ကြသည်။

မေ (၁၃) ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပိုက်ကျော်ခြင်း၊ E-sports၊ ကြက်တောင်၊ ဘိလိယက်၊ ရိုးရာလှေ၊ အလေးမ၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘော်လီဘောနှင့် ဘောလုံးပြိုင်ပွဲ များတွင် မြန်မာနိုင်ငံမှ ဆက်လက် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယနေ့အထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ် (၁၅) ခု၊ ငွေတံဆိပ်(၁၄) ခု နှင့် ကြေးတံဆိပ် (၄၃)ခု စုစုပေါင်း ဆုတံဆိပ် (၇၂)ခု ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရသည်။