အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ်(၁)ခု၊ ခွန်ခမာအားကစားနည်းမှ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၆)ခုနှင့် ပြေးခုန်ပစ်အားကစားနည်းမှ ကြေးတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိ

ကမ္ဘောဒီးယား၊ မေ(၁၁)။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် Chroy Changvar Convention Centre, Hall (A)၌ ကျင်းပလျက်ရှိသည့် ဝူရှူးအားကစားနည်းမှ ကျန့်စု အမျိုးသမီး နှစ်ဖက်သွားဓားပြိုင်ပွဲနှင့် ချန့်စု-လှံရှည်ပြိုင်ပွဲတွင် (ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှားနှင့် မလေးရှား)နိုင်ငံတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ မစန္ဒီဦးက ရမှတ်(၉.၆၀၃)မှတ်ဖြင့် ဒုတိယ(ငွေတံဆိပ်ဆု)ကိုလည်းကောင်း၊ Morodok Elephant Hall (1) ၌ ကျင်းပလျက်ရှိသည့် ခွန်ခမာ(အမျိုးသား/အမျိုးသမီး)အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး အမျိုးသား(၈၁ ကီလို) ပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ မြန်မာနှင့် ဗီယက်နမ်)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ မောင်ထွန်းထွန်းမင်းက ဒုတိယ(ငွေတံဆိပ်ဆု)ကိုလည်းကောင်း၊ အမျိုးသား(၅၇ ကီလို) ပြိုင်ပွဲတွင် မောင်စောအတစ်၊ အမျိုးသား(၆၃.၅ ကီလို) ပြိုင်ပွဲတွင် မောင်စောလှဝင်းစိုး၊ အမျိုးသား(၇၁ ကီလို) ပြိုင်ပွဲတွင် မောင်နိုင်ရဲလင်း၊ အမျိုးသား(၇၅ ကီလို) ပြိုင်ပွဲတွင် မောင်ကျော်လင်းထက်၊ အမျိုးသမီး(၅၁ ကီလို) ပြိုင်ပွဲတွင် မမာရီနာ နှင့် အမျိုးသမီး(၅၇ ကီလို) ပြိုင်ပွဲတွင် မဥမ္မာစိုးတို့က တတိယ(ကြေးတံဆိပ်ဆု) တစ်ခုစီကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

ခွန်ခမာအားကစားပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသား(၈၁ ကီလို) ပြိုင်ပွဲတွင် ဒုတိယ(ငွေတံဆိပ်)ဆုရရှိခဲ့သည့် မောင်ထွန်းထွန်းမင်းကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေ အတွင်း ရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ အခြားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ယနေ့ညနေပိုင်းတွင် Morodok Techo National Stadiun ၌ ပြေးခုန်ပစ် အားကစားနည်းမှ အမျိုးသား မီတာ(၁၀၀၀၀)ပြိုင်ပွဲတွင် (အင်ဒိုနီးရှား၊ စင်္ကာပူ၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ အရှေ့တီမောနှင့် မလေးရှား)နိုင်ငံတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ မောင်သန်းထိုက်စိုးက တတိယ(ကြေးတံဆိပ်)ဆုကိုရရှိခဲ့ပါသည်။

မေ (၁၁) ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး၊ E-Sports၊ ဘော်လီဘော၊ ခွန်ခမာ၊ ခရစ်ကက်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်နှင့် ဘိလိယက် အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ရာ ငွေတံဆိပ်(၂) ခုနှင့် ကြေးတံဆိပ် (၇)ခု ထပ်မံရရှိခဲ့ကြသည်။

မေ (၁၂) ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး၊ ပီတန်း၊ ကြက်တောင်၊ E-sports ၊ ဘိလိယက်၊ တင်းနစ်၊ တိုက်ကွမ်ဒို၊ ပိုက်ကျော်ခြင်းနှင့် ဘောလုံးအားကစားနည်းများတွင် မြန်မာနိုင်ငံမှ ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယနေ့အထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ် (၁၄) ခု၊ ငွေတံဆိပ်(၁၃) ခု နှင့် ကြေးတံဆိပ် (၃၈)ခု စုစုပေါင်း ဆုတံဆိပ် (၆၅)ခု ဆွတ်ခူးရရှိထားပြီး ဖြစ်ကြောင်း သိရသည်။