အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

 (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမ အားကစားသမားလူရွေးချယ်ပြိုင်ပွဲနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊  ဖေဖော်ဝါရီ (၂၄)ရက်။

၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက်  အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အလေးမအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများအား ဝိတ်တန်းအလိုက် လူရွေးချယ်ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အလေးမအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများတက်ရောက် ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး)၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့မှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားရာတွင် မိမိနိုင်ငံနှင့်လူမျိုးအတွက် ကျရာအခန်းကဏ္ဍမှ အားကစားလောက အောင်မြင်တိုးတက်စေရန် ဝန်ထမ်းအားလုံး ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိနိုင်ငံနှင့်လူမျိုးကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကြရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်မှ မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏ အားကစား အဆင့်အတန်းတိုးတက်မြင့်မားစေရေးနှင့် အရှေ့တောင်အာရှတွင် အောင်မြင်မှုများပိုမိုရရှိအောင် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူငယ်များ၏အခန်းကဏ္ဍ အောင်မြင်တိုးတက်စေရေးအတွက်လည်း ပူးတွဲလုပ်ကိုင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသည့် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများကို တိကျသေချာစွာ လိုက်နာဆောင်ရွက်ပြီး စည်းကမ်းသည် လူ့တန်ဖိုးဖြစ်သည့်အတွက် ဝန်ထမ်းများအားလုံး စည်းကမ်းရှိရှိ စနစ်တကျ ဝန်ထမ်း ကျင့်ဝတ်နှင့်အညီ ပြုမူပြောဆိုနေထိုင်ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရာတွင် ကျရာနေရာမှ  ပေးအပ်ထားသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ အရာထမ်း/အမှုထမ်းများ အနေဖြင့် မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများ အစဉ်အမြဲပြည့်ဝစေရန်နှင့် မိမိဌာန အောင်မြင်တိုးတက်စေရန်အတွက် လေ့လာသင့်သည့်ပညာရပ်များနှင့် အသိပညာဗဟုသုတတိုးပွားစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုမှတ်သားထားကြရန်လိုကြောင်း၊ ဝန်ထမ်းများသည် အစိုးရယန္တရား၏ လူသားအရင်းအမြစ်များဖြစ်သည့်အတွက် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်နှင့် မိမိတို့ဝန်ကြီးဌာန အောင်မြင်တိုးတက်စေရန် စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားကွင်း/ အားကစားရုံများနှင့် ရုံးဌာနများတွင် လျှပ်စစ်မီတာကို စနစ်တကျသုံးစွဲသွားရန် တာဝန်ရှိသူများမှ စိစစ်ကြပ်မတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝန်ထမ်းများ ကိုယ်လက်ကြံ့ခိုင်မှုရှိစေရန်နှင့် စိတ်အပန်းပြေ ပျော်ရွှင်စေရန်အတွက် လုပ်ငန်းတာဝန်များဆောင်ရွက်ပြီးစီးချိန် ညနေ(၄)နာရီမှ (၄)နာရီခွဲအထိ နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်ခန်း (Fitness Dance) ပြုလုပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ သို့မှသာ မိမိတို့လုပ်ငန်းတာဝန်များကို ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး စိတ်ပျော်ရွှင်စွာဖြင့် ထမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းအားလုံး၏ စည်းလုံးညီညွတ်မှုကြောင့် ဝန်ကြီးဌာနအနေဖြင့် ထိုက်သင့်သည့် အောင်မြင်မှုရရှိသည့်အတွက် ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ အောင်မြင်တိုးတက်စေရေးအတွက် ဝန်ထမ်းများအားလုံးဆက်လက်၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ မဏိကမ္ဘာကုမ္ပဏီနှင့် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ခန့်တည်ကြည်ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လျှာထိုးကြမ်းခင်း အသစ်ပြန်လည်ခင်းကျင်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေးနှင့် အချိန်မီပြီးစီးစေရေးတို့အတွက် ကုမ္ပဏီမှတာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရသည်။