အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းအာကစားနည်းမှ ရွှေတံဆိပ်(၂) ခု၊ ဘိလိယက်အားကစားနည်းမှ ရွှေတံဆိပ်(၁)ခုထပ်မံဆွတ်ခူးရရှိ

ကမ္ဘောဒီးယား၊ မေ(၁၀)။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ ယနေ့ဒေသစံတော်ချိန် နံနက်(၈)နာရီခွဲတွင် ၂၀၂၃ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ရာ ဖနောင်ပင်မြို့ရှိ Basketball Hall NSTC ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ပိုက်ကျော်ခြင်းအားကစားနည်း (အမျိုးသား)ဂွင်းသွင်း ခြင်းခတ်ပြိုင်ပွဲတွင် (မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်သန်းဇော်ဦး၊ မောင်သိန်းဇော်မင်း၊ မောင်အောင်ဇော်၊ မောင်အောင်ကျော်မိုး၊ မောင်ကျော်ဇေယျာဝင်း၊ မောင်ဇင်ကိုကို တို့အတွဲက ရမှတ် (၆၈၀)မှတ်ဖြင့် ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ (ငွေတံဆိပ်ဆု)ကို ဖိလစ်ပိုင်နိုင်ငံမှလည်းကောင်း၊ တတိယ (ကြေးတံဆိပ်ဆု)ကို ကမ္ဘောဒီးယားနိုင်ငံမှ လည်းကောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်း (အမျိုးသမီး) ဂွင်းသွင်းခြင်းခတ် ပြိုင်ပွဲ၌(မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မကြူကြူသင်း၊ မနိုင်နိုင်ဝင်း၊ မနွယ်နွယ်ထွေး၊ မဖြူဖြူသန်း၊ မဆုတင်ဇာနိုင်၊ မခင်နှင်းဝေတို့အတွဲက ရမှတ်(၇၅၀)မှတ်ဖြင့် ပထမ (ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ဖိလစ်ပိုင်နိုင်ငံ မှလည်းကောင်း၊ တတိယ (ကြေးတံဆိပ်ဆု)ကို ကမ္ဘောဒီးယားနိုင်ငံမှလည်းကောင်း ဆုများအသီးသီး ရရှိခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Aeon Hall, Aeon Mall Sen Sok ၌ ကျင်းပလျက်ရှိသည့် ဘိလိယက်အားကစားနည်း (အမျိုးသားတစ်ဦးချင်း- 9 ball Pool)ပြိုင်ပွဲ၌ (မြန်မာ၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် ဘရူနိုင်း) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာမှ မောင်မောင်(ခ) မောင်ဘုန်းမြင့်ကျော်က ပထမ(ရွှေတံဆိပ်ဆု)ကို လည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို စင်္ကာပူနိုင်ငံမှလည်းကောင်း၊ တတိယ(ကြေးတံဆိပ်ဆု)ကို ဗီယက်နမ်နိုင်ငံမှလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Chroy Changvar Convention Centre, Hall (A)၌ ကျင်းပလျက်ရှိသည့် ဝူရှူးအားကစားပြိုင်ပွဲ ပွဲစဉ်များကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဝူရှူး(သွေ့လျန် (အမျိုးသမီး)-အတွဲအတိုက်) ပြိုင်ပွဲ၌ (ကမ္ဘောဒီးယား၊ မြန်မာ၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှား) နိုင်ငံတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာမှ မစန္ဒီဦးနှင့်မအေးသစ္စာမြင့်တို့အတွဲက ရမှတ်(၉.၄၀၃)မှတ်ဖြင့် ဒုတိယ(ငွေတံဆိပ်ဆု)၊ ဝူရှူး နန်းချွမ်(အမျိုးသမီး-တောင်ပိုင်းလက်သိုင်း) ပြိုင်ပွဲ၌ (အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မြန်မာ) မြန်မာနိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာမှ မအေးသစ္စာမြင့်က ရမှတ်(၉.၁၄၃)ဖြင့် တတိယ(ကြေးတံဆိပ်ဆု)များ အသီးသီး ရရှိခဲ့ကြသည်။

အလားတူ ဖနောင်ပင်မြို့ရှိ Morodok Elephant Hall 1 ၌ ခွန်ခမာအားကစားနည်း (အမျိုးသမီး- ၄၈ကီလို) ပြိုင်ပွဲတွင် မမေသဇင်ထူးမှ ဒုတိယ(ငွေတံဆိပ်ဆု)နှင့် (အမျိုးသား-၅၄ကီလို) ပြိုင်ပွဲတွင် မောင်ဟိန်းသူအောင်က တတိယ(ကြေးတံဆိပ်ဆု)ကိုလည်းကောင်း၊ Morodok Techo Badminton Hall ၌ ကြက်တောင်အားကစားနည်း (အသင်းလိုက်-အမျိုးသား+ အမျိုးသမီး)ပြိုင်ပွဲတွင် မြန်မာမှ မောင်ဟိန်းထွဋ်၊ မောင်အောင်မျိုးထူး၊ မောင်အာကာဘုန်းမြတ်၊ မောင်ဇော်လင်းထူး၊ မသက်ထားသူဇာ၊ မတွယ်တာဦး၊ မဇွန်မျိုးသက်တို့အတွဲက ဒုတိယ(ငွေတံဆိပ်ဆု)ကိုလည်းကောင်း၊ AZ Group Cricket Oval, Hun Sen Boulevard ၌ ခရစ်ကက်အားကစားနည်း (Six a Side) ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းမှ ရမှတ် (၂၄)မှတ်ဖြင့် တတိယ(ကြေးတံဆိပ်ဆု)ကိုလည်းကောင်း အသီးသီး ထပ်မံဆွတ်ခူးရရှိခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် Smart RSN Stadium ၌ ကျင်းပလျက်ရှိသည့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

မေ(၁၀)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပီတန်း၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ တင်းနစ်၊ ဘိလိယက်၊ လက်ဝှေ့၊ ခွန်ခမာ၊ ဘော်လီဘော၊ ဘောလုံး၊ ပြေးခုန်ပစ်နှင့် ခရစ်ကက် အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၃)ခု ထပ်မံရရှိ ခဲ့ကြသည်။

မေ(၁၁)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝူရှူး၊ E-Sports၊ ဘော်လီဘော၊ ခွန်ခမာ၊ ခရစ်ကက်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်နှင့် ဘိလိယက် အားကစားနည်းများတွင် မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယနေ့အထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ် (၁၄) ခု၊ ငွေတံဆိပ်(၁၁)ခု နှင့် ကြေးတံဆိပ် (၃၁)ခု စုစုပေါင်း ဆုတံဆိပ် (၅၆)ခု ဆွတ်ခူးရရှိထားပြီး ဖြစ်ကြောင်း သိရသည်။