အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဘိလိယက်နှင့်စနူကာ အာကစားနည်းမှ ရွှေတံဆိပ် (၁)ခုနှင့် ခြင်းလုံးအားကစားနည်းတို့မှ ရွှေတံဆိပ်(၂)ခု ထပ်မံဆွတ်ခူးရရှိ

ကမ္ဘောဒီးယား၊ မေ(၉)။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ ယနေ့ဒေသစံတော်ချိန် နံနက်(၈)နာရီခွဲတွင် ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ရာ AEON HALL, AEON MALL SEN SOK ၌ ကျင်းပသည့် ဘိလိယက်နှင့်စနူကာ အားကစားနည်း(English Billiards Singles – (အမျိုးသား) တစ်ဦးချင်းပြိုင်ပွဲ၌ (မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ ဦးပေါက်စသည် ကမ္ဘာ့ဘိလိယက်ချန်ပီယံပြိုင်ပွဲတွင် ရွှေတံဆိပ် (၆)ဆုနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၆)ဆုရရှိထားသော စင်္ကာပူနိုင်ငံသား Mr.Peter GilChrist ကို (၃-၀)ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံမှ ဦးပေါက်စက ပထမ (ရွှေတံဆိပ်ဆု)ကို လည်းကောင်း၊ စင်ကာပူနိုင်ငံမှ Mr.Peter GilChrist ကဒုတိယ(ငွေတံဆိပ်ဆုကို) ကိုလည်းကောင်း၊ ထိုင်းနိုင်ငံမှ Mr. Praprut Chaithanasakun နှင့် Mr.Yuttapop Pakpoj တို့နှစ်ဦးက ပူးတွဲတတိယ (ကြေးတံဆိပ်ဆု)ကိုလည်းကောင်း၊ 6 Red Snooker Singles (အမျိုးသား) တစ်ဦးချင်း ပြိုင်ပွဲတွင် (မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်ဟိန်းလွင်မိုးက တတိယ (ကြေးတံဆိပ်ဆု)ကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

ဆက်လက်၍ ဖနောင်ပင်မြို့၊ Basketball Hall NSTC ၌ကျင်းပပြုလုပ်လျက်ရှိသည့် (အမျိုးသား/ အမျိုးသမီး) ခြင်းလုံးအားကစားပြိုင်ပွဲ ပွဲစဥ်များအဖြစ် အမျိုးသား (Event- 4) ပြိုင်ပွဲ၌ (မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်း)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်မင်းသစ္စာအောင်၊ မောင်ခန့်ဝင်းဟိန်း၊ မောင်ဝေယံဖြိုး၊ မောင်ရဝေအောင်၊ မောင်ဇော်လင်းမောင်၊ မောင်ကောင်းမြတ်သီဟ၊ မောင်မင်းခန့်ဝင်းနှင့် မောင်ဓူဝံကျော်တို့အတွဲက ရမှတ်(၉၃)မှတ်ဖြင့် ပထမ(ရွှေတံဆိပ်ဆု)ကို လည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို လာအိုနိုင်ငံမှလည်းကောင်း၊ ပူးတွဲတတိယ(ကြေးတံဆိပ်ဆု)ကို ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှလည်းကောင်း၊ အမျိုးသမီး (Event-4) ပြိုင်ပွဲတွင် (မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်း)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မအေးအေးသန့်(ခ)မစာဥ၊ မမေဖူးဟန်၊ မသဲသဲ၊ မယဥ်မင်းသွယ်၊ မစုတွယ်တာ၊ မခိုင်ခိုင်၊ မတင်နီလာဝင်းနှင့် မမှုံနံ့သာတို့အတွဲက ရမှတ် (၁၀၁)မှတ်ဖြင့် ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ထိုင်းနိုင်ငံမှ လည်းကောင်း၊ တတိယ(ကြေးတံဆိပ်ဆု)ကို ကမ္ဘောဒီးယားနိုင်ငံတို့မှလည်းကောင်း အသီးသီး ရရှိခဲ့ကြ သည်။

ခြင်းလုံးအားကစားပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံမှ ခြင်းလုံးအမျိုးသားအားကစားအဖွဲ့က မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို သရုပ်ပြသ၍ အလှပြခြင်းလုံးခတ်ကစားခဲ့ကြပြီးနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့ကြသူများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Chroy Changvar Convention Centre, Hall (F)၌ ကျင်းပလျက်ရှိသည့် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ ပွဲစဉ်များကို သွားရောက် ကြည့်ရှုအားပေးခဲ့ရာ အမျိုးသမီး(၅၀)ကီလိုပြိုင်ပွဲတွင် (ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအိုနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဥ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံမှ မနှင်းသက်ဝေက ဒုတိယ(ငွေတံဆိပ်ဆု)၊ အမျိုးသမီး ဓါးမြှောင် အတိုက် အပြပြိုင်ပွဲတွင်(ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မအိန္ဒြေဖူးနှင့် မမေဟန်နီအောင်လွင်တို့အတွဲက တတိယ (ကြေးတံဆိပ်ဆု)၊ အမျိုးသမီး(၂)ယောက်တွဲ ဓါးရှည်အတိုက် အပြ ပြိုင်ပွဲတွင် (ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မစုဝတီဌေးနှင့် မအိန္ဒြေဖူးတို့အတွဲက တတိယ (ကြေးတံဆိပ်ဆု)၊ အမျိုးသမီး ဓါးမြှောင်နှစ်လက် အပြပြိုင်ပွဲတွင် (ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မခိုင်ဝါဖူးက တတိယ(ကြေးတံဆိပ်ဆု)၊ အမျိုးသား(၄)ယောက်တွဲ လက်နက်ပါ အပြ ပြိုင်ပွဲတွင် (ဗီယက်နမ်၊ မြန်မာ၊ လာအို၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်မနားကွီး၊ မောင်အိုက်စိုးလင်း၊ မောင်မျိုးထက်ဇော်၊ မောင်ထွန်းဝင်းနိုင်တို့ အတွဲက တတိယ (ကြေးတံဆိပ်ဆု)များ အသီးသီး ရရှိခဲ့ကြသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ARMY STADIUM ၌ ကျင်းပလျက်ရှိ သည့် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ မြန်မာအသင်းနှင့် မလေးရှား အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက မလေးရှားအသင်းကို (၅)ဂိုး၊ (၁)ဂိုးဖြင့် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

မေ(၉)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ဗိုဗီနမ်၊ တင်းနစ်၊ ခြင်းလုံး၊ ကြက်တောင်၊ ဘိလိယက်၊ ဘော်လီဘော၊ ခွန်ခမာ၊ ခရစ်ကတ်၊ ဘောလုံး၊ လက်ဝှေ့နှင့် ပြေးခုန်ပစ် အားကစားပြိုင်ပွဲများ ကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ရွှေတံဆိပ်(၃) ခု၊ ငွေတံဆိပ်(၁) ခု၊ ကြေးတံဆိပ် (၅)ခု ထပ်မံရရှိခဲ့ကြသည်။

မေ (၁၀) ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပီတန်း၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ တင်းနစ်၊ ဘိလိယက်၊ လက်ဝှေ့၊ ခွန်ခမာ၊ ဘော်လီဘော၊ ဘောလုံး၊ ပြေးခုန်ပစ်နှင့် ခရစ်ကက် အားကစားနည်းများ တွင် မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယနေ့အထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ် (၁၁) ခု၊ ငွေတံဆိပ်(၈)ခု နှင့် ကြေးတံဆိပ် (၂၈)ခု စုစုပေါင်း ဆုတံဆိပ် (၄၇)ခု ဆွတ်ခူးရရှိထားပြီး ဖြစ်ကြောင်း သိရသည်။