အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်(ခွန်ဘိုကာတာ)နှင့် ခြင်းလုံးအားကစားနည်းများမှ ရွှေတံဆိပ်ဆု (၁)ခုစီ ထပ်မံဆွတ်ခူးရရှိ

ကမ္ဘောဒီးယား၊ မေလ(၈)။

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် (ခွန်ဘိုကာတာ)အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ဒေသစံတော်ချိန် နံနက်(၉)နာရီခွဲတွင် ဖနောင်ပင်မြို့ရှိ CHROY CHANGVAR HALL (C) ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသမီး(၁)ယောက်နှင့် အမျိုးသား(၂)ယောက်တွဲ အတိုက်ပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်ပိုင်ဇေယျာဖြိုး၊ မောင်အံ့ဘွယ်ငြိမ်းနှင့် မနီလာစိုးဦးတို့အတွဲက ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ကမ္ဘောဒီးယား နိုင်ငံမှလည်းကောင်း၊ ပူးတွဲတတိယ(ကြေးတံဆိပ်ဆု)ကို လာအိုနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှလည်းကောင်း၊ အမျိုးသမီး ဓါးကောက်စွမ်းရည်ပြပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအိုနှင့် အင်ဒိုနီးရှား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မသီင်္ဂီဝင်းကျော်က ဒုတိယ(ငွေတံဆိပ်ဆု)၊  အမျိုးသား ဓါးကောက်စွမ်းရည်ပြပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် လာအို) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး  မြန်မာနိုင်ငံမှ မောင်အံ့ဘွယ်ငြိမ်းက တတိယ(ကြေးတံဆိပ်ဆု)၊ အမျိုးသမီး (၃)ယောက်တွဲ စွမ်းရည်ပြပြိုင်ပွဲတွင် (အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ဖိလစ်ပိုင်) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မဝတ်ရည်ဦး၊ မမြတ်နိုးဝေနှင့် မသိင်္ဂီဝင်း‌ကျော်တို့ အတွဲက တတိယ (ကြေးတံဆိပ်ဆု)ကိုလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် Chroy Changvar Convention Centre, Hall (F) ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ ပွဲစဉ်များကို သွားရောက်ကြည့်ရှုအားပေးခဲ့ရာ (အမျိုးသားဓားတစ်လက်အပြ) ပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်)နိုင်ငံတို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်အိုက်စိုးလင်းက ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ဗီယက်နမ်နိုင်ငံက လည်းကောင်း၊ တတိယ(ကြေးတံဆိပ်ဆု)ကို အင်ဒိုနီးရှားနိုင်ငံကလည်းကောင်း၊ အမျိုးသား တုတ်ရှည်အပြ ပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်း)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်တင်ထူးဇော်က ဒုတိယ(ငွေတံဆိပ်ဆု)၊ အမျိုးသမီး ဓါးမောက်အပြ ပြိုင်ပွဲတွင် (မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မအိန္ဒြေဖူးက ဒုတိယ (ငွေတံဆိပ်ဆု)၊ အမျိုးသား ဓါးမြှောင်အတိုက် ပြိုင်ပွဲတွင် (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ထိုင်း)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်‌အောင်ခိုင်လင်းနှင့် မောင်ဟိန်းထက်အောင်တို့ အတွဲက တတိယ(ကြေးတံဆိပ်ဆု)၊ Females Self – Defence (အမျိုးသား/ အမျိုးသမီး) အပြပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မောင်အောင်ခိုင်လင်းနှင့် မချစ်နိုဒီဆောင်းတို့အတွဲက တတိယ(ကြေးတံဆိပ်ဆု)ကို လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် Basketball Hall NSTC ၌ ကျင်းပလျက်ရှိသည့် (အမျိုးသား/ အမျိုးသမီး) ခြင်းလုံးအားကစားပြိုင်ပွဲများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ခြင်းလုံး(အမျိုးသား၊ အမျိုးသမီး) Linking Event-3 ပြိုင်ပွဲတွင် (မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မလဲ့ဝတီဇော်၊ မောင်အောင်မြင့်မြတ်၊ မနှင်းဝတ်ရည်ဗိုလ်၊ မောင်အောင်နိုင်ဖြိုးဟန်၊ မရွှန်းလဲ့ဝေ၊ မောင်သော်ဝေဇင်၊ မငြိမ်းအိမွန်၊ မောင်စိုင်းဇော်ဇော်တို့အတွဲက ရမှတ် (၄၅၉)မှတ်ဖြင့် ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို လာအိုနိုင်ငံမှ လည်းကောင်း၊ တတိယ(ကြေးတံဆိပ်ဆု)ကို ကမ္ဘောဒီးယားနိုင်ငံမှလည်းကောင်း၊ ခြင်းလုံး(အမျိုးသား) Linking Event-3 ပြိုင်ပွဲတွင် (လာအို၊ မြန်မာ၊ မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံ)တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ  မောင်စိုင်းဇော်ဇော်၊ မောင်ပြည့်ဖြိုးကျော်၊ မောင်မင်းခန့်ဝင်း၊ မောင်အောင်နိုင်ဖြိုး၊ မောင်သူရိန်လင်း၊ မောင်ဓူဝံကျော်၊ မောင်ခန့်ဝင်းဟိန်းနှင့် မောင်ကောင်းမြတ်သီဟတို့အတွဲက ရမှတ် (၄၀၇)မှတ်ဖြင့် ဒုတိယ ငွေတံဆိပ်ဆု၊ ခြင်းလုံး (အမျိုးသမီး) Linking Event-3 ပြိုင်ပွဲတွင် (ထိုင်း၊ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မမှုံနံ့သာ၊ မလဲ့ဝတီဇော်၊ မမေဖူးဟန်၊ မရွှန်းလဲ့ဝေ၊ မမေဖြိုးစံ၊ မနှင်းဝတ်ရည်ဗိုလ်၊ မငြိမ်းအိမွန်နှင့် မခိုင်သဇင်ဖြိုးတို့အတွဲက ရမှတ် (၃၀၉)မှတ် ဖြင့် ဒုတိယ(ငွေတံဆိပ်ဆု)ကိုလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

မေ(၈)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဗိုဗီနမ်(ခွန်ဘိုကာတာ)၊ စစ်တုရင်၊ ဗိုဗီနမ်၊ ခြင်းလုံး၊ ဘိလိယက်၊ ပြေးခုန်ပစ်၊ ခွန်ခမာ၊ ဘော်လီဘောနှင့် လက်ဝှေ့ အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ် (၅)ခု၊ ကြေးတံဆိပ် (၅)ခု ထပ်မံရရှိခဲ့ကြသည်။

မေ(၉)ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ဗိုဗီနမ်၊ တင်းနစ်၊ ခြင်းလုံး၊ ကြက်တောင်၊ ဘိလိယက်၊ ဘော်လီဘော၊ ခွန်ခမာ၊ ခရစ်ကတ်၊ ဘောလုံး၊ လက်ဝှေ့နှင့် ပြေးခုန်ပစ် အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယနေ့အထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၈) ခု၊ ငွေတံဆိပ်(၇)ခု နှင့် ကြေးတံဆိပ် (၂၃)ခု စုစုပေါင်း ဆုတံဆိပ် (၃၈)ခု  ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရသည်။