အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းအလိုက် တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် စီမံအုပ်ချုပ်မှုပိုင်းနှင့်နည်းစနစ်ပိုင်းဆိုင်ရာအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၂)ရက်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းအလိုက် တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် စီမံအုပ်ချုပ်မှုပိုင်းနှင့် နည်းစနစ်ပိုင်းဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multi Purpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အားကစားဆေးဘက်ဌာနခွဲမှ တာဝန်ရှိသူများနှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ခံ အုပ်ချုပ်/နည်းပြများ တက်ရောက်ခဲ့သည်။

အစီအစဉ်အရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြိုင်ပွဲကာလနီးကပ်လာပြီးဖြစ်၍ ကျန်းမာရေးသည် အရေးကြီးသည့်အတွက် အထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ အားသွန်ခွန်စိုက် ကြိုးစားလေ့ကျင့်နိုင်မည်ဖြစ်ကြောင်း၊ စည်းကမ်းရှိရှိဖြင့် သွားလာနေထိုင်စားသောက်လေ့ကျင့်ကြရန်လိုကြောင်း၊ အုပ်ချုပ်သူနည်းပြများအနေဖြင့် မိမိအားကစားသမားများကို သားသမီးများသဖွယ် ဂရုစိုက်ပြီး ပြောဆိုဆုံးမသွန်သင်၍ စနစ်တကျလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ အားကစားနည်းအလိုက် ဆုတံဆိပ်မျှော်မှန်းထားသည့်အားကစားသမားများ၏ တိုးတက်မှုစံချိန်စံညွှန်းများ၊ အရည်အချင်းများကို မှန်မှန်ကန်ကန် လေ့လာသုံးသပ်၍ လိုအပ်ချက်များမရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ လေ့ကျင့်ရာတွင် အလွန်အကျွံ လေ့ကျင့်မှုများ မပြုလုပ်ရန်နှင့် Injury မရရှိအောင် နည်းပြများ ရေးဆွဲထားသည့် Training Programme များအတိုင်း ဂရုတစိုက်လေ့ကျင့်ရန် အားကစားသမားအား မှာကြားထားရန်လိုကြောင်း၊ လေ့ကျင့်မှုနှင့်နေထိုင်စားသောက်မှုများတွင် အခက်အခဲများရှိပါက တင်ပြနိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးများနှင့် အားကစားနည်း အလိုက် တာဝန်ခံ အုပ်ချုပ်/နည်းပြများမှ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်များ၊ နေထိုင်စားသောက်မှုဆိုင်ရာကိစ္စရပ်များနှင့်အားကစားသမားများ၏ စံချိန်စံညွှန်း တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ တင်ပြဆွေးနွေးမှုများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများထံ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။