အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ

ရန်ကုန်၊ မေလ (၃) ရက်။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၃:၀၀)နာရီ အချိန်၌ မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7017 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိဘပြည်သူများ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မြန်မာအားကစားအဖွဲ့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကျန်းမာရေးကိုအထူးဂရုစိုက်ရန်၊ အောင်မြင်မှုများရရှိပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် အစွမ်းကုန် ကြိုးစားကြရန် အားပေးစကားပြောကြားခဲ့ပါသည်။

အဆိုပါ အားကစားအဖွဲ့များတွင် ဖိတ်ကြားခံပုဂ္ဂိုလ်(၁)ဦး၊ အုပ်ချုပ်မှုအဖွဲ့ (၁၃)ဦး၊ ဗိုဗီနမ်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၆)ဦး၊ အမျိုးသားအားကစားသမား(၁၅)ဦး၊ အမျိုးသမီးအားကစားသမား (၁၁)ဦး၊ ပီတန်းအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၂)ဦး၊ အမျိုးသားအားကစားသမား(၂)ဦး၊ အမျိုးသမီးအားကစားသမား(၇)ဦး၊ လက်ဝှေ့အားကစားနည်းမှ အုပ်ချုပ်/ နည်းပြ(၄)ဦး၊ အမျိုးသားအားကစားသမား(၆)ဦး၊ အမျိုးသမီးအားကစားသမား(၃)ဦး၊ တင်းနစ်အားကစားနည်းမှ အုပ်ချုပ်/နည်းပြ (၂)ဦး၊ အမျိုးသားအားကစားသမား(၄)ဦး၊ အမျိုးသမီးအားကစားသမား(၃)ဦး၊ ပြေးခုန်ပစ် (မာရသွန်) အားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၄)ဦး၊ အမျိုးသားအားကစားသမား(၂)ဦး၊ အမျိုးသမီးအားကစားသမား(၄)ဦး၊ ရိုးရာလက်ဝှေ့အားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၆)ဦး၊ အမျိုးသားအားကစားသမား (၉)ဦး၊ အမျိုးသမီးအားကစားသမား(၃)ဦး၊ ခြင်းလုံးအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၆)ဦး၊ အမျိုးသားအားကစားသမား(၁၄)ဦး၊ အမျိုးသမီးအားကစားသမား(၁၄)ဦးနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီး(၈)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။