အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသော ဂျူဒိုအားကစားသမားများအား သွားရောက်ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ နိုဝင်ဘာလ(၁၄)ရက်။

ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဂျူဒိုအားကစားခန်းမ၌ (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်နေသော ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့ လာရောက်ကြည့်ရှုစစ်ဆေးကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး လမ်းညွှန်မှာကြားချက်အတိုင်း ကျန်းမာရေးကိုအထူးဂရုစိုက်ရန် လိုအပ်ပါကြောင်း၊ စားသောက်နေထိုင်ရေးကိစ္စရပ်များကိုလည်း အတတ်နိုင်ဆုံးအဆင်ပြေစေရန် ဆောင်ရွက်ပေးထားပါကြောင်း၊ ဂျပန်နည်းပြဆရာ၏ သင်ကြားပြသပေးမှုများကို အထူးဂရုစိုက်လေ့လာသင်ယူလိုက်နာမှတ်သားထားပြီး လေ့ကျင့်မှုများကို သေချာဆောင်ရွက်ကြစေရန်နှင့် နောက်ပိုင်းတွင် မိမိတို့၏ နည်းပြဆရာများနှင့် မိမိတို့ကိုယ်တိုင် လေ့ကျင့်မှုများပြုလုပ်နိုင်ရန် ဆောင်ရွက်စေလိုကြောင်း၊ ဂျူဒိုအားကစားနည်းသည် ရွှေတံဆိပ်များကိုဆွတ်ခူးပေးသည့် အားကစားနည်းဖြစ်သည့်အတွက် များစွာဂုဏ်ယူချီးကျူးပါကြောင်း၊ ယခုယှဉ်ပြိုင်မည့် SEA Games ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်များရရှိနိုင်အောင် ကြိုးစားကြစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ပြိုင်ပွဲအထောက်အကူပြုဝတ်စုံများကို ပံ့ပိုးပေးထားပါကြောင်း၊ တားမြစ်ဆေးဝါးများကို လုံးဝမသုံးစွဲရန် လိုအပ်ပါကြောင်း၊ စည်းကမ်းရှိပြီး နည်းစနစ်မှန်မှန် ပြင်းပြင်းထန်ထန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသွားပါသည်။

ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးက ဂျူဒိုအားကစားအဖွဲ့သည် စည်းကမ်းရှိပြီးအမိန့်နာခံတတ်သည့် အားကစားအဖွဲ့ဖြစ်ပြီး အားကစားလေ့ကျင့်မှုအပိုင်း၌လည်း ကြိုးစားဆောင်ရွက်သည့် အားကစားအဖွဲ့ဖြစ်သည့်အတွက် ချီးကျူးပါကြောင်း၊ ယခုဝင်ရောက်ယှဉ်ပြိုင်မည့် SEA Games တွင်လည်း အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် မိမိကိုယ်ကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြပြီး ဆုတံဆိပ်များရရှိအောင်ကြိုးစားကြစေလိုကြောင်း ပြောကြားပါသည်။

ထို့နောက် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်၊ အတွင်းရေးမှူး ဦးမောင်မောင်ထွေးဦးမှ ရန်ကုန်မြို့တွင် လက်ရှိစခန်းသွင်းလေ့ကျင့်နေသော အားကစားသမားများ၏ လေ့ကျင့်နေမှုအခြေအနေများအား တင်ပြခဲ့ကြောင်းသိရှိရပါသည်။