အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အလေးမအားကစားနည်း ပြိုင်ပွဲအသွင် စံချိန်ဆန်းစစ်ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ မတ်လ(၃၀)ရက်။

၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အလေးမအားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများကို ဝိတ်တန်းအလိုက် ပြိုင်ပွဲအသွင် စံချိန်ဆန်းစစ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမအားကစားရုံ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံအလေးမအားကစားအဖွဲ့ချုပ်ဉက္ကဋ္ဌ ဦးဥဂ္ဂါအေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် မြန်မာနိုင်ငံအလေးမအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အဆိုပါ အလေးမအားကစားနည်း ပြိုင်ပွဲအသွင် စံချိန်ဆန်းစစ်ပြိုင်ပွဲတွင် ဝိတ်တန်းအလိုက် အမျိုးသမီးပြိုင်ပွဲ၌ (၄၅)ကီလိုတန်းတွင် ဇင်မေဦးကလည်းကောင်း၊ (၄၉)ကီလိုတန်းတွင် ပြည့်ပြည့်ဖြိုးက လည်းကောင်း၊ (၅၉)ကီလိုတန်းတွင် နော်တဘိုးရာကလည်းကောင်း၊ (၇၁)ကီလိုတန်းတွင် ခိုင်သဇင်သင်းက လည်းကောင်း၊ အမျိုးသားပြိုင်ပွဲ၌ (၇၃)ကီလိုတန်းတွင် သီဟအောင်ကလည်းကောင်း၊ (+၈၉)ကီလိုတန်း တွင် ရန်မျိုးကျော်ကလည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကအားကစားသမားများအားတွေ့ဆုံ၍ ကျန်းမာရေး အထူးဂရုစိုက်ကြ ရန်နှင့် မိမိတို့၏ အားနည်းချက်၊အားသာချက်များကို ပြန်လည်သုံးသပ်ပြီး နောက်ဆုံးအချိန်ထိ ရေကုန် ရေခမ်း အစွမ်းကုန်ကြိုးစားလေ့ကျင့်၍ ယှဉ်ပြိုင်ကစားသွားကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ပြိုင်ပွဲဝင် အားကစားသမားများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။