အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ မတ် (၂၉)။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ  အောင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း(၁၉)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်မြို့ရှိ အားကစားအဖွဲ့ချုပ်များတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် အားကစားသမားများမှ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများအနက်မှ ဝူရှုး၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ လက်ဝှေ့ အားကစားနည်း(၄)နည်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ (၃)လကြာ ပူးတွဲလေ့ကျင့်မှုများပြုလုပ်ရန် စေလွှတ်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း(၂၀)နည်းတွင် ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ်(၁၈)ခု၊ ကြေးတံဆိပ်(၃၅)ခု၊ စုစုပေါင်း ဆုတံဆိပ်(၆၂)ခုရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်(၇)တွင် ရပ်တည်နိုင်ခဲ့ပါကြောင်း၊ လာမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် နည်းပြများကို အားကစားစွမ်းဆောင်ရည်အဆင့်အလိုက် ထောက်ပံ့ကြေးများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအနေဖြင့်လည်း အားကစားအောင်နိုင်ရေးအတွက် အဘက်ဘက်မှ အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အုပ်ချုပ်သူ/နည်းပြများနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အမှန်တကယ် ဆုတံဆိပ်ရရှိနိုင်မည့် အားကစားသမားများကို ရွေးချယ်စေလွှတ်နိုင်ရေး လွန်စွာအရေးကြီးပါကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရရှိခဲ့သော ဆုတံဆိပ်များထက်သာလွန်သည့် အောင်မြင်မှုများ ပိုမိုရရှိအောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများမှ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်အားကစားသမားများ၏ စခန်းဝင်လေ့ကျင့်ဆောင်ရွက်နေမှုများ၊ အားကစားနည်းအလိုက် ပြိုင်ပွဲအမျိုးအစားများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အားကစားသမားရွေးချယ်ထားရှိမှုများ၊ လေ့ကျင့်ရေးသုံးနှင့် ပြိုင်ပွဲသုံးအားကစားအထောက်အကူပြုပစ္စည်းအခြေအနေများ၊ ဆုတံဆိပ် မျှော်မှန်းထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် အားကစားသမားများသည် မိမိနိုင်ငံ၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်စေရန် ပြိုင်ပွဲတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးစားသွားကြရန်လိုကြောင်း၊ သို့မှသာ မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာမည်ဖြစ်ပြီး တာဝန်ရှိသူများအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် ထိုက်သင့်သည့် အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ အခက်အခဲများနှင့် လိုအပ်ချက်များရှိပါက အချိန်နှင့် တစ်ပြေးညီ တာဝန်ရှိသူများထံ အဆင့်ဆင့်တင်ပြပေးရန်နှင့် ဌာနအနေဖြင့် အကောင်းဆုံးကူညီဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊  မကြာမီကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်လည်း ယခင်နှစ်ကထက် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်မှုရရှိရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရာတွင် အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုရှိရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူများနှင့် နည်းပြများအနေဖြင့် မိမိတို့ အားကစားသမားများကို နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများဖြစ်လာစေရန်နှင့် နိုင်ငံနှင့်လူမျိုးအတွက် မလျှော့သော ဇွဲ၊ လုံ့လ၊ ခိုင်မာသောစိတ်ဓါတ်တို့ဖြင့် ပြိုင်ပွဲတွင် ရေကုန်ရေခမ်းကြိုးစားသွားကြရန် ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။