အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် စီမံအုပ်ချုပ်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ်(၃၀)ရက်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များမှ အားကစားနည်းအလိုက် တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် စီမံအုပ်ချုပ်မှု၊ နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ(၁:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစား ဆေးဘက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ အားကစားနည်းအလိုက် တာဝန်ခံအုပ်ချုပ်/ နည်းပြများ တက်ရောက်ခဲ့ကြပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်ဖြစ်သော (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်ရရှိခဲ့သည့် ရွှေတံဆိပ်ထက် နှစ်ဆပိုမိုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် နိုင်ငံအလိုက်အဆင့်မလျော့ကျစေရန်အတွက် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအားလုံး အထူးကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ အားကစားသမားများအား Nutrition ပြည့်ဝစွာ စားသောက်နိုင်ရေးအတွက် အုပ်ချုပ်/နည်းပြများမှ အားကစားသမားများနှင့်အတူတကွ စားသောက်ပြီး မိသားစုသဖွယ် ကြည့်ရှု စောင့်ရှောက်ရန်လိုကြောင်း၊ အိပ်ဆောင်များတွင် သန့်ရှင်းသပ်ရပ်စွာနေထိုင်သွားကြရန်၊ အားကစားလေ့ကျင့်ရေးကွင်း/ရုံများတွင်လည်း မိမိတို့လေ့ကျင့်သည့် လေ့ကျင့်ရေးသုံးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများကို စနစ်တကျကိုင်တွယ်သုံးစွဲကြရန်နှင့် စည်းကမ်းတကျ ပြန်လည် သိမ်းဆည်းထားခဲ့ရန်လိုကြောင်း၊ လုံခြုံရေးအဓိကထားဆောင်ရွက်ရန်နှင့် အားကစားအဖွဲ့များ ပြင်ပသို့ထွက်ခွာပါက အုပ်ချုပ်/နည်းပြများမှတဆင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအား သတင်းပေးပို့၍ ခွင့်ပြုချက်ရရှိမှသာ ပြင်ပသို့ထွက်ခွာရန်လိုကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနတွင် အားကစားဆေးဘက်ဌာနခွဲတစ်ခုရှိသည့်အတွက် အားကစားအဖွဲ့များမှ ကျန်းမာရေးကိစ္စရပ်များ၊ Injury ရရှိမှုများအား အချိန်နှင့်တပြေးညီ ကုသမှုများ ဆောင်ရွက်လျက်ရှိသည့်အတွက် အချိန်မီသတင်းပို့ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဌာန၏ပံ့ပိုးမှုအပေါ် အုပ်ချုပ်/နည်းပြများအနေဖြင့် အားကစားသမားများအား နားလည်သဘောပေါက်အောင်ရှင်းပြပြီး မိမိတို့ရည်မှန်းချက်ဖြစ်သည့် ရွှေတံဆိပ်ဆုများ ရရှိစေရေးအတွက် Motivation ပြုလုပ်ပေးရန်လိုကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားအဖွဲ့ချုပ်များနှင့် အားကစားနည်းအလိုက် စခန်းဝင် လေ့ကျင့်နေသည့် အုပ်ချုပ်/နည်းပြအားကစားသမားများစသည့် မဏ္ဍိုင်(၃)ခုလုံး ညီညွတ်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှ လေ့ကျင့်မှု ဆိုင်ရာကိစ္စရပ်များနှင့် နေထိုင်သွားလာမှုဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ အားကစားဆေးဘက် ဆိုင်ရာဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးမှ အားကစားသမားများ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ တက်ရောက်လာကြသည့် တာဝန်ခံအုပ်ချုပ်/နည်းပြများမှ အားကစားသမားများ၏လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး မှ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဆက်လက်တင်ပြဆောင်ရွက်ပေး သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။