အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ပထမဦးဆုံးရွှေတံဆိပ်ဆုဆွတ်ခူးရရှိ

ကမ္ဘောဒီးယား၊ မေ(၆)။

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ ဒေသစံတော်ချိန် နံနက် (၈)နာရီခွဲတွင် ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Centre, Hall (F) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗိုဗီနမ်(အမျိုးသမီး)နှစ်ယောက်တွဲအပြ ပြိုင်ပွဲ၌  (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာနှင့်ထိုင်း) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရွှေတံဆိပ်ဆုကို မြန်မာနိုင်ငံမှ မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင် တို့အတွဲက ပထမဦးဆုံး(ရွှေတံဆိပ်ဆု)ကို လည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ထိုင်းနိုင်ငံက လည်းကောင်း၊ ပူးတွဲတတိယ(ကြေးတံဆိပ်ဆု)ကို အင်ဒိုနီးရှားနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့က အသီးသီး ရရှိခဲ့ကြသည်။

ဆက်လက်၍ (အမျိုးသား) လေးယောက်တွဲ-အပြ ပြိုင်ပွဲ၌ (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ် နှင့် လာအို) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်အောင်ခိုင်လင်း၊ မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုးအောင် နှင့် မောင်ရာဇာထွန်းတို့အတွဲက ဒုတိယမြောက် (ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ဗီယက်နမ်နိုင်ငံကလည်းကောင်း၊ ပူးတွဲ တတိယ(ကြေးတံဆိပ်ဆု)ကို အင်ဒိုနီးရှာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က အသီးသီး ရရှိခဲ့ကြသည်။

ထို့အပြင် (အမျိုးသား)လက်သိုင်းအပြ ပြိုင်ပွဲ၌  (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း၊ လာအို နှင့် ဗီယက်နမ်)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းမှ မောင်ကျော်သူစိုးအောင်က တတိယ (ကြေးတံဆိပ်ဆု)၊ (အမျိုးသား) လေးယောက်တွဲ ဓါးတစ်လက်အသင်းလိုက်အပြ ပြိုင်ပွဲ၌ (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်) အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်စဝေလျံထွေး၊ မောင်ထွန်းဝင်းနိုင်၊ မောင်မျိုးထက်ဇော်၊ မောင်အောင်ခန့်မင်းတို့အတွဲက တတိယ(ကြေးတံဆိပ်ဆု)၊ (အမျိုးသား)လှံဓါးမောက်အရှည်အပြပြိုင်ပွဲ၌ (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နှင့် ဖိလစ်ပိုင်) အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းမှ မောင်ရာဇာထွန်းက  တတိယ(ကြေးတံဆိပ်ဆု)နှင့် (အမျိုးသမီး) လက်သိုင်းအပြပြိုင်ပွဲ၌ (ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊  မြန်မာ၊ ဖိလစ်ပိုင် နှင့် ထိုင်း) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းမှ မခိုင်ဇာထွန်းက တတိယ(ကြေးတံဆိပ်ဆု) ဆုတံဆိပ်များ အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ရွှေတံဆိပ်ဆု ရရှိခဲ့ကြသည့် မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင် တို့အတွဲနှင့် မောင်အောင်ခိုင်လင်း၊ မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုးအောင်နှင့် မောင်ရာဇာထွန်းတို့အတွဲတို့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ အခြားပြိုင်ပွဲများတွင်  ပထမ၊ဒုတိယ၊တတိယဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  Olympic Petanque Complex ၌ကျင်းပလျက် ရှိသည့် ပီတန်းအားကစားပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ပီတန်းအားကစားနည်း (အပစ်- Women Single shooting)ပြိုင်ပွဲ၌ မြန်မာအသင်းမှ မခင်ချယ်ရီသက်သည် (ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ဘရူးနိုင်းနှင့် မလေးရှား) အသင်းတို့နှင့် ယှဉ်ပြိုင်ကစားကြပြီး ခင်ချယ်ရီသက်က ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယဆု(ငွေတံဆိပ်)ဆုကို ဗီယက်နမ်နိုင်ငံ၊ ပူးတွဲတတိယ (ကြေးတံဆိပ်)ဆုကို ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အသီးသီးရရှိခဲ့ကြသည်။

ဆက်လက်ပြီး ပြေးခုန်ပစ်အားကစားနည်းမှ ၂၀ ကီလိုမီတာ (အမျိုးသား) လမ်းလျှောက်ပြိုင်ပွဲတွင် မောင်ပြည့်ဖြိုးထွန်းက စံချိန် (1:49:39.2)ဖြင့် တတိယ(ကြေးတံဆိပ်ဆု)၊ စစ်တုရင်အားကစားနည်းမှ အမျိုးသားသုံးယောက်တွဲ (၆၀ မိနစ်) ပြိုင်ပွဲတွင် မောင်ဝင်းဇော်ထွန်း၊ မောင်နေဦးကျော်ထွန်း၊ မောင်ငြိမ်းချမ်းတို့အတွဲ နှင့် အမျိုးသမီးနှစ်ယောက်တွဲ (၆၀ မိနစ်)ပြိုင်ပွဲတွင် မစုစုလှိုင်နှင့် မစိုးမိုးခိုင် တို့အတွဲက တတိယ(ကြေးတံဆိပ်ဆု) တစ်ခုစီကို အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

(၆.၅.၂၀၂၃)ရက်နေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ ပီတန်း၊ စစ်တုရင်၊ ဗိုဗီနမ်၊ တင်းနစ်၊ ဘော်လီဘော၊ လက်ဝှေ့၊ ခွန်ခမာ၊ ဗိုဗီနမ်(ခွန်ဘိုကာတာ)နှင့် ဘောလုံးအားကစားနည်းများတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရွှေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၇)ခု ရရှိခဲ့သည်။

(၇.၅.၂၀၂၃) ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ဗိုဗီနမ်၊ ခြင်းလုံး၊ တင်းနစ်၊ ဘိလိယက်၊ ခွန်ခမာ၊ လက်ဝှေ့၊ ဗိုဗီနမ်(ခွန်ဘိုကာတာ)၊ ဘောလုံးနှင့် ဘော်လီဘော အားကစားနည်းများတွင် မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ယနေ့အထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၃) ခု၊ ငွေတံဆိပ်( ၁) ခု နှင့် ကြေးတံဆိပ် (၁၀)ခု စုစုပေါင်း ဆုတံဆိပ် (၁၄) ခု  ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရသည်။