အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ် မီးရှူးတိုင်သယ်ယူခြင်း အခမ်းအနားကျင်းပ

ရန်ကုန်၊ ဧပြီလ(၂၁)။

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အဆိုပါပြိုင်ပွဲအပြီး ဇွန်လ(၃)ရက်နေ့မှ (၉)ရက်နေ့အထိ ဆက်လက်ကျင်းပမည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူခြင်း အခမ်းအနားကို ယနေ့နံနက်(၇)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်ရိပ်သာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံး၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E Mr. CHUM Angvichet ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ကိုယ်စားလှယ်တော်၊ ကမ္ဘောဒီးယားနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် H.E Mr.HOR Sarun ၊ မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူရေး အစီအစဉ်အတွက် အထူးဖိတ်ကြားထားသော တီမောလက်စတေနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာသန်းသန်းဌေး၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အားကစားသမားများ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများ စုစုပေါင်းအင်အား (၁၈၀၀)ခန့် တက်ရောက် ဆင်နွှဲကြပါသည်။

အစီအစဉ်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံရုံးဝန်းအတွင်း၌ အခမ်းအနားကို စတင်ရာ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. CHUM Angvichet က အမှတ်တရ စကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ကိုယ်စားလှယ်တော် ဦးဆောင်သည့် အဖွဲ့ဝင် (၉)ဦး ပါဝင်သည့် မီးရှူးတိုင် သယ်ယူရေး ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံမှ စတင်၍ ခရီးရှည်ထွက်ခဲ့ကြပြီး ယခုဆို မြန်မာပြည်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၏ ကြီးကျယ်ခမ်းနားမှုသည် ကမ္ဘောဒီးယား ပြည်သူ/ပြည်သား အားလုံးအတွက် အရေးကြီးသော သမိုင်းဝင်ဖြစ်စဉ်တစ်ခုဖြစ်ပြီး ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်းကို များစွာဂုဏ်ယူဝမ်းမြောက် ပီတိဖြစ်ရပါကြောင်းနှင့် ယနေ့အခမ်းအနား စည်ကားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးသော မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာ သန်းသန်းဌေးက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြိုင်ပွဲဝင် နိုင်ငံများအားလုံး စိတ်အားတက်ကြွပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံ၏ အားစိုက်ထုတ် လုပ်ကိုင်ဆောင်ရွက်နေမှုများကို များစွာ အသိအမှတ်ပြု ဂုဏ်ပြုမိပါကြောင်းနှင့် မသန်စွမ်းအားကစားသမားများ အပါအဝင် ပြိုင်ပွဲဝင် အားကစားသမားများအားလုံး ပျော်ရွှင်ကြမှာအမှန်ပင်ဖြစ်ပါကြောင်း အမှတ်တရပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခြင်းနှင့် ပြိုင်ပွဲဝင်နိုင်ငံများအပေါ် တစ်ကြိမ်တစ်ခါမှ မကြုံဖူးသော အိမ်ရှင်နိုင်ငံ၏ ဧည့်ဝတ်ကျေပွန်မှုနှင့် စီစဉ်ဆောင်ရွက်ထားရှိမှုကို သိရှိရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးဟာ အရှေ့တောင်အာရှနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်မှု မြှင့်တင်ရေးကို အပြည့်အဝကိုယ်စားပြုမည်ဟု ယုံကြည်ပါကြောင်း အမှတ်တရပြောကြားခဲ့ပါသည်။

ယင်းနောက် ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ကိုယ်စားလှယ်တော် H.E Mr.HOR Sarun က ယနေ့အခမ်းအနားသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပုံရိပ်ကို မြှင့်တင်ရန်အတွက် အထူးအရေးပါပြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသော မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တက်ရောက်ပေးသော အားကစားသမားများ၊ ကျောင်းသား/ကျောင်းသူများ၊ တိုင်းသူ ပြည်သားများကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ခြင်း အခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံရှိ ကမ္ဘာ့အံ့ဖွယ် အန်းကောဝပ် ဘုရားကျောင်းမှ စတင်၍ အာဆီယံ(၁၀)နိုင်ငံသို့ အစီအစဉ်တကျ ဆက်လက်ထွက်ခွာပြီး ၊ ဧပြီလ(၂၇)ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီးနောက် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ်မီးရှူးတိုင်အား ကမ္ဘောဒီးယားနိုင်ငံအရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ ကိုယ်စားလှယ်တော် H.E Mr.HOR Sarun က မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံး မှ စတင်သယ်ဆောင်လာပြီး ၎င်းမှတစ်ဆင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. CHUM Angvichet သို့လည်းကောင်း၊ ယင်းနောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသို့ လက်ဆင့်ကမ်း လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဒေါက်တာသန်းသန်းဌေးသို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် မသန်စွမ်းအားကစားသမား၊ လှေလှော်အားကစားသမားတို့က လက်ဆင့်ကမ်းသယ်ဆောင်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးထံ ပေးအပ်၍ ၎င်းမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ကိုယ်စားလှယ်တော်သို့ လွှဲပြောင်းပေးအပ်ပြီး ၎င်းမှ ကမ္ဘောဒီးယားနိုင်ငံသံရုံးအတွင်းသို့ ပြန်လည်သယ်ဆောင်၍ ထွန်းညှိသိမ်းဆည်းထားပြီး စုစုပေါင်း (၁.၅)ကီလိုမီတာ အကွာအဝေးကို သယ်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ကိုယ်စားလှယ်တော် H.E Mr.HOR Sarun အား အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပါသည်။ အဆိုပါ အထိမ်းအမှတ် မီးရှူးတိုင်သည် မြန်မာနိုင်ငံမှ လာအိုနိုင်ငံသို့ ဧပြီလ(၂၂)ရက်နေ့တွင် ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။