အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစား အဖွဲ့များအား အောင်နိုင်ရေး အလံအပ်နှင်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ (၂၉) ရက်။

ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများ၊ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ အုပ်ချုပ်သူများနှင့်နည်းပြများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်အား (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့များအား မိတ်ဆက်ဂါရဝပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရန် (၁၄)ရက်သာလိုတော့သည့်အတွက် အားကစားသမားမောင်မယ်အားလုံးသည် နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစားစွမ်းဆောင်ရည်မြင့်မားမှု၊ စံချိန်စံညွှန်းကောင်းမွန်မှုစသည့်အချက်များ ပြည့်ပြည့်ဝဝခိုင်ခိုင်မာမာဖြင့် ပြိုင်ပွဲဝင်ရန်အသင့်ဖြစ်နေကြပြီဟု ယုံကြည်ပါကြောင်း၊ အားကစားအဖွဲ့များက အဆိုပြုသည့်အတိုင်း သတ်မှတ်စံချိန်များတွင် ကိုက်ညီသည့် အားကစားသမားများ အစဉ်အလာရှိသည့်အားကစားများကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ပါကြောင်း၊ သွားလာရေးကအစ အဆင်ပြေအောင်လည်း ဆောင်ရွက်ပေးထားပါကြောင်း၊ နိုင်ငံတစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများအားလုံးက အားကစားမောင်မယ်တို့၏ ဇွဲ၊ သတ္တိအပြည့်နှင့် ပွဲမဝင်ခင်အပြင်ကကျင်းပ ဆိုသကဲ့သို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်နေမှုများကိုလည်း ကြားသိမြင်တွေ့ခံစားခဲ့ရပြီးဖြစ်သည့်အတွက် မိမိတို့၏အားကစားသမိုင်းတွင်မှတ်တမ်းတင်နိုင်ရေး တက်ညီလက်ညီနှင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန် မှာကြားလိုကြောင်း၊ သွား ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် ယခင်ကပါဝင်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက် ဆုတံဆိပ်များပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်ကြမည်ဆိုပါက မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပိုမိုပြောင်းလဲမှတ်တမ်းတင်နိုင်မည်ဖြစ်ပါကြောင်း၊ အမိနိုင်ငံ၏အလံတော် လွှင့်ထူဂုဏ်ပြုခံခြင်းမျိုးကို နိုင်ငံသားတိုင်းက လိုလားကြသည်ဖြစ်သဖြင့် အား သွန်ခွန်စိုက် ကြိုးစားကြရန်တိုက်တွန်းလိုပါကြောင်း၊ ပြိုင်ပွဲတွင် အောင်နိုင်ရေးအတွက်ယှဉ်ပြိုင်ခြင်းသည် ပြိုင်ပွဲများအတွက် နောက်ဆုံးအဆင့်ဖြစ်သည်ကို သတိပြုစေလိုကြောင်း၊

အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးကို အမျိုးသားရေးတာဝန်တစ်ခုအဖြစ် မြန်မာအားကစားအဖွဲ့ဝင်အားလုံး၏ ပခုံးထက်တွင်ရှိနေသည်ကိုလည်း သတိပြုကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့်အဆက်ဆက်တွင် ရင်ဘောင်တန်းနိုင်ရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အားကစားကဏ္ဍကိုလည်း တစ်ခန်းတစ်ကဏ္ဍထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျအစီအမံများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ခေတ်အဆက်ဆက်ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည့် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကိုလည်း အသက် ၆၀ ပြည့်မြောက်သည့်အချိန်မှစပြီး သက်ရှိထင်ရှားရှိသမျှကာလပတ်လုံး လစဉ်ချီးမြှင့်ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်လျက်ရှိသကဲ့သို့ ၂၀၂၂ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်သည့် ၇၇ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင်လည်း အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသူ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား ၁၂ ဦးနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ငါးခုနှင့်အထက်ရရှိခဲ့ကြသူ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအနက်မှ ၂၇ ဦးကို လူမှုထူးချွန်ပထမအဆင့် ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန် အား ကစားသမားများကိုလည်း ဆက်လက်ပြီးစိစစ်ခွင့်ပြုသွားမည်ဖြစ်သကဲ့သို့ ယခုပြိုင်ပွဲတွင်လည်း နိုင်ငံတော်အတွက်ဆုတံဆိပ်များရယူပေးကြမည့် အားကစားမောင်မယ်များအနေဖြင့်လည်း အလားတူ အခွင့်အရေးများ ရရှိလာမည်ဖြစ်ကြောင်း၊

ထို့အပြင် ယခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ၏ကိုယ်စားသွားရောက်ယှဉ်ပြိုင်မည့် အားကစား မောင်၊ မယ်တို့ကိုလည်း ကြိုးစားမှုရလဒ်များအပေါ်မူတည်ပြီး နိုင်ငံတော်အနေဖြင့် ဆုရအားကစားသမားများအတွက် ရွှေတစ်ဦးချင်း ငွေကျပ်သိန်း ၃၀၀၊ ငွေတစ်ဦးချင်း ငွေကျပ်သိန်း ၂၀၀၊ ကြေးတစ်ဦးချင်း ငွေကျပ်သိန်း ၁၀၀၊ ရွှေအသင်းလိုက် တစ်ဦးချင်း ငွေကျပ်သိန်း ၁၀၀၊ ငွေအသင်းလိုက် တစ်ဦးချင်း ငွေကျပ်သိန်း ၇၀၊ ကြေးအသင်းလိုက်တစ်ဦးချင်း ငွေကျပ် ၃၅သိန်း၊ နည်းပြများအတွက် ရွှေတံဆိပ်ဆုရအားကစားနည်းမှ နည်းပြတစ်ဦးလျင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆုရ အားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၅၀၊ ကြေးတစ်ဆိပ်ဆုရ အားကစားနည်းမှ နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၃၀၊ အုပ်ချုပ်မှုအဖွဲ့များအတွက် ရွှေတံဆိပ်ဆုရအားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆုရအားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ဆုရအားကစားနည်းမှ အုပ်ချုပ်မှုအဖွဲ့တစ်ဖွဲ့လျှင် ငွေကျပ်သိန်း ၃၀ တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊

ထို့ကြောင့် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ကို အပ် နှင်းလိုက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလံတော်ဂုဏ်ဒြပ်နှင့် အမျိုးသားရေးတာဝန်ကိုပါ ကိုယ်စားပြုနေသည်ဟူသည့် ခံယူချက်ဖြင့် ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်အောင်လံ တလူလူလွင့်ပျံနေရစေရေး၊ ရေကုန်ရေခမ်းအစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် အလေးအနက်တိုက်တွန်းလိုပါကြောင်း၊ ပြိုင်ပွဲတွင် အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ရေးတာဝန်ကြီးကို နိုင်ငံတော်ကပေးအပ်လိုက်ပြီဖြစ်သည့်အတွက် မြန်မာ့အားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်းသွားကြရန် ထပ်မံတိုက်တွန်းလိုပါကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပြွကြီးကို ယခုကဲ့သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဘက်ဘက်မှ ကူညီအားပေးခဲ့ကြသည့်အဖွဲ့ချုပ်များအပါအဝင် အားလုံးကို နိုင်ငံတော်ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊

မြန်မာအားကစားအဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ဂုဏ်ကိုမြှင့်တင်နိုင်ရေးဟူသည့် အမျိုးသားရေးသန္နိဌာန်ဖြင့် ရေကုန်ရေခမ်း ကြိုးပမ်းယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့စရိုက် အစဉ်အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာ ပြုမူကျင့်ကြံနေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ အနိုင်မခံ အရှုံးမပေးသည့် ကြံ့ခိုင်သောစိတ်ဓါတ်၊ မလျှော့သောဇွဲ၊ လုံ့လဖြင့် ရင်ဆိုင်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ အားကစားနှင့်တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် အားကစားသူရဲကောင်း မောင်၊ မယ်တို့အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေစေရေး စွမ်းဆောင်သွားကြရမည်ဖြစ်ကြောင်းဖြင့် အလေးအနက်တိုက်တွန်းမှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံထံ အောင်နိုင်ရေးအလံကို အပ်နှင်းသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်အားကစားသမားများနှင့် နည်းပြများအတွက် ဂုဏ်ပြုချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်လက်ရွေးစင်အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အားကစားနည်းများအလိုက် အားကစားပြိုင်ပွဲများတွင် အသုံးပြုမည့် ပြိုင်ပွဲဝင်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၌ မေလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်မည့် အားကစားသမား ၂၉၃ ဦးသည် အားကစားနည်း ၂၀ ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။