အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ(၂၁)ရက်။

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှကြီးမှူး၍ (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်မြို့ရှိ သက် ဆိုင်ရာ အားကစားအဖွဲ့ချုပ်များတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၏ တာဝန်ခံ အုပ်ချုပ်/နည်းပြများနှင့် အားကစားနည်းအလိုက် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall)၌ ကျင်းပပြုလုပ်ခဲ့ရာ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် အုပ်ချုပ်/နည်းပြများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် အားကစားနည်း (၁၂)နည်းမှ နိုင်ငံခြားနည်းပြ (၃)ဦး၊ အုပ်ချုပ်/နည်းပြ (၄၄)ဦး၊ အားကစားသမား ကျား (၁၁၄)ဦး၊မ (၇၆)ဦး၊ GYM နိုင်ငံခြားသားနည်းပြ၊ နည်းပြနှင့် အကူနည်းပြများအပါအဝင် စုစုပေါင်း (၂၄၇)ဦး တို့ဖြင့်လည်းကောင်း၊ ရန်ကုန်မြို့တွင် အားကစားနည်း (၆)နည်းတို့မှ နိုင်ငံခြားသားနည်းပြ၊ အုပ်ချုပ်/နည်းပြ (၅၇)ဦး၊ အားကစားသမား ကျား (၁၀၉)ဦး၊ မ (၉၄)ဦး၊ စုစုပေါင်း (၂၆၀)ဦးတို့ဖြင့်လည်းကောင်း၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စုစုပေါင်းအင်အား (၅၀၇)ဦးတို့ဖြင့် အသီးသီး လေ့ကျင့်မှုများပြုလုပ်ဆောင်ရွက်လျက်ရှိပြီး၊ ပြိုင်ပွဲကာလ နီးကပ်လာပြီဖြစ်၍ ကိုဗစ် (၁၉)ရောဂါ ထပ်မံမကူးစက်နိုင်ရေးအတွက် အုပ်ချုပ်/နည်းပြများအနေဖြင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် မိမိအားကစားသမားများအား အထူးဂရုစိုက်ကြရန်လိုကြောင်း၊ မိမိတို့၏ အားကစား သမားများအား ကျန်းမာရေးနှင့် နေထိုင်သွားလာစားသောက်မှုများအားလုံး အထူးဂရုစိုက်ကြရန်နှင့် (Training) လေ့ကျင့်မှုများပြုလုပ်ရာတွင် (Injury) ထိခိုက်ဒဏ်ရာမရရှိအောင် အထူးဂရုစိုက်ဆောင်ရွက်ကြရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အောင်နိုင်ရေးအလံ အပ်နှင်းပွဲအခမ်းအနားအတွက် သက်ဆိုင်ရာအလိုက် လိုအပ်သည် များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ပြိုင်ပွဲမတိုင်ခင် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် ယှဉ်ပြိုင်ရေးနှင့်ဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့မှ အုပ်ချုပ်/နည်းပြများအား ပြိုင်ပွဲကာလမတိုင်ခင် နှင့် ပြိုင်ပွဲကာလအတွင်း ဆောင်ရွက်ထားရန်များနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားနိုင်ရေးအတွက် အသီးသီး ဆွေးနွေးမှာကြားခဲ့ကြပါသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်မှာကြားထားသည့်အတိုင်း ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓာတ်တို့ဖြင့် နောက်ဆုံးအချိန်ထိ ရေကုန်ရေခမ်း ကြိုးစားယှဉ်ပြိုင်ခဲ့ကြရန် အုပ်ချုပ်/နည်းပြများအနေဖြင့် အားကစားသမားများအား မှာကြားထားရန်လိုကြောင်း၊ အားကစားသမားများအတွက် လိုအပ်သည်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြနိုင်ကြောင်းနှင့် တင်ပြလာမှုများအပေါ် လိုအပ်သည်များအား ပံ့ပိုးကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။