အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇွန် (၁၂)ရက်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂျူဒိုနှင့်ကူရတ် အားကစား နည်းများ၌ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် ရရှိခဲ့သည့် အားကစားသမားများနှင့် နည်းပြများအား မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေ (၆) နာရီတွင် နေပြည်တော် ရတနာသိင်္ဃ ဟိုတယ်၌ ကျင်းပခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဆုရအားကစားသမားများ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

အခမ်းအနားတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်နိုင်ဆု ဆုတံဆိပ်များရယူ ဆွတ်ခူး နိုင်ခဲ့ခြင်းဟာ မိမိနိုင်ငံ၊ မိမိလူမျိုးအတွက် ဂုဏ်သိက္ခာအဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်ပါကြောင်း၊ မြန်မာ့လက်ရွေးစင်ဂျူဒိုနှင့် ကူရတ်အသင်းအနေဖြင့် စတင်စခန်းသွင်းချိန်မှစ၍ နိုင်ငံတော်အစိုးရနှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌတို့၏ ပံ့ပိုးကူညီအားပေးမှု၊ အုပ်ချုပ်/နည်းပြများ၏ လေ့ကျင့်ကြပ်မတ်ကွပ်ကဲနိုင်မှု၊ အားကစားသမားများ၏ စုစည်းလေ့ကျင့်မှုများ ကောင်းမွန်မှုတို့ကြောင့် ယခုလို အောင်မြင်မှုများကို ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂျူဒိုအားကစား နည်းဖြင့် ငွေတံဆိပ်(၂)ခု၊ကြေးတံဆိပ်(၂)ခုရရှိခဲ့ပြီး ကူရတ်အားကစားနည်းဖြင့် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၂)ခု ရရှိခဲ့မှုများကို အားကစားနှင့်လူငယ်ရေးရဝန်ကြီးဌာနမှ များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၉)ခု ရရှိခဲ့ပြီး ကူရတ်အားကစားနည်းမှ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးရွှေတံဆိပ်ဆုကို ရယူပေးနိုင်ခဲ့သည့်အတွက်လည်း ထပ်မံ ချီးကျူး ဂုဏ်ပြုပါကြောင်း၊ အားကစားသမားများ အနေဖြင့် နောက်လာမည့် နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် ယခုထက်ပိုမိုအောင်မြင်မှု ဆုတံဆိပ်များ ရရှိရေးအတွက် အလေးအနက်ထားပြီး ဆက်လက်ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းက (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံတော်အတွက် ဂျူဒိုနှင့်ကူရတ် အားကစားနည်းများမှ ဆုတံဆိပ်များ ရယူပေးနိုင်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး များက (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂျူဒိုနှင့်ကူရတ် အားကစား နည်းများ၌ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ် များရရှိခဲ့ကြသည့် အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂျူဒိုနှင့်ကူရတ် အားကစား နည်းများ၌ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် ရရှိမှုအနေဖြင့် ရွှေတံဆိပ်ဆု(၁)ခု၊ ငွေတံဆိပ်ဆု(၃)ခုနှင့် ကြေးတံဆိပ်ဆု(၄)ခု ရရှိသည်။ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်အနေဖြင့် SEA GAMES ပြိုင်ပွဲ (၈)ကြိမ်တွင် ရွှေတံဆိပ်ဆု(၁၁)ခု၊ ငွေတံဆိပ်ဆု (၂၆) ခုနှင့် ကြေးတံဆိပ်ဆု (၁၉) ခုကို ရယူနိုင်ခဲ့ကြောင်း သတင်း ရရှိပါသည်။