အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၃

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အိုလံပစ်ကောင်စီအဖွဲ့ဝင်များ၊  မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်  အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုး တစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမှတမှုရှိသည့် စွမ်းရည်ပြ ယှဉ်ပြိုင်မှုများ ဖြစ်ပါကြောင်း။

အလားတူ အားကစားသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နှလုံးကို စွဲဆောင်သိမ်းသွင်းနိုင်ခြင်း၊ နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုဆောင်ကာ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုထက်သန်စေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊ အရှုံးမပေးသည့် စိတ်ဓာတ်၊ ခိုင်မာသည့် စိတ်ဓာတ်များကို ဖြစ်ပေါ်စေနိုင်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မိမိတို့နိုင်ငံ၏ အားကစားအဆင့်အတန်းကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဆိုသည်ကို၊ အားလုံးအသိပင်ဖြစ်ကြောင်း။

တစ်နည်းအားဖြင့် မိမိနိုင်ငံပြည်သူများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်ရန်အတွက် ပြည်တွင်းအားကစားပြိုင်ပွဲများ၊ ဒေသအတွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြပြီး မိမိတို့၏ အားကစားစွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ရန်အတွက် အစွမ်းကုန်ကြိုးပမ်း အားထုတ်နေကြသည်ကို တွေ့မြင်နေရကြောင်း။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၂၀ ကို အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပြိုင်ပွဲမသွားမီ နိုင်ငံတော်အလံအပ်နှင်းပွဲတွင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြရန်၊ မိမိနိုင်ငံအလံလွှင့်တင် ဂုဏ်ပြုရသည်အထိ ကြိုးစားကြရန် မှာကြားခဲ့ပါကြောင်း၊ အားကစားသမားများ၏ ကြိုးစားယှဉ်ပြိုင်မှုကြောင့် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု၊ စုစုပေါင်း ဆုတံဆိပ် ၆၂ ခုတို့ကို ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၇ ရရှိခဲ့ကြောင်း။

အားကစားပြိုင်ပွဲများတွင် အနိုင်မခံ၊ အရှုံးမပေးစိတ်ဖြင့် ရိုးရိုးသားသား ကြိုးစား ပြိုင်ပွဲဝင်ခဲ့ကြပြီး နိုင်ငံတော်အတွက် ဆုတံဆိပ်များ ဆွတ်ခူးရယူပေးခြင်းဖြင့် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ဂုဏ်ယူရကြောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်နိုင်မှုဆုတံဆိပ်များ ဆွတ်ခူးရရှိပြီး နိုင်ငံတကာ အလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကို လွှင့်တင်ကာ နိုင်ငံတော်သီချင်းသံလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများ ဖြစ်ကြသည့်အတွက် အုပ်ချုပ်သူ၊ နည်းပြများ အပါ အဝင် နိုင်ငံ့ ဂုဏ်ဆောင်အားကစား မောင်/မယ်များကို ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုရခြင်း ဖြစ်ကြောင်း။

(၃၁) ကြိမ်တိုင် ပြုလုပ်ခဲ့သည့် SEA Game ပြိုင်ပွဲတိုင်းကို မြန်မာနိုင်ငံအနေဖြင့် ယှဉ်ပြိုင်ခဲ့ရာတွင် ပြီးခဲ့သည့် (၂၉)ကြိမ်မြောက်တွင် အားကစားနည်း ၂၉ နည်း၊ အားက စားသမား ၃၈၂ ဦး၊ ဆုတံဆိပ် ရွှေ ၇ ခုအပါအဝင် ဆုတံဆိပ် ၃၇ ခု၊ (၃၀)ကြိမ်မြောက်တွင် အားကစားနည်း ၃၁ နည်း၊ အားကစားသမား ၃၅၁ ဦး၊ ဆုတံဆိပ် ရွှေ ၄ ခုအပါ အဝင် ဆုတံဆိပ် ၇၃ ခု၊ ယခု (၃၁)ကြိမ်မြောက် ပြိုင်ပွဲတွင် အားကစားနည်း ၂၀ ၊ အား  ကစားသမား ၂၉၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ် ရွှေ ၉ ခု အပါအဝင် ဆုတံဆိပ် ၆၂ ခုရရှိခဲ့သည်ကို တွေ့ရကြောင်း၊ ကိန်းဂဏန်းများအရ တိုးတက်အောင်မြင်မှု ရခဲ့သည် ကိုမငြင်းနိုင်ကြောင်း၊ သို့သော်လည်း ယခုယှဉ်ပြုင်သည့် အားကစားနည်းများသည် ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲ နောက်ဆုတ်ခဲ့သည့်အတွက် ပြည်တွင်း/ပြည်ပတွင် လေ့ကျင့်ချိန်များစွာရခဲ့ကြောင်း၊ လေ့ကျင့်ခဲ့သည့်အချိန်တွင် ရခဲ့သည့် အကောင်းဆုံး စံချိန်များ ယခုရခဲ့သလား ဆိုသည်ကို ဆန်းစစ်ရန်လိုကြောင်း၊ မိမိအနေဖြင့် ရုပ်သံနှင့် You Tube က ကြည့်ခဲ့ရသည့် အချို့သော အားကစားပွဲများသည် နည်းစနစ်အရ၊ သက်လုံအရ၊  ကြံ့ခိုင်မှုအရ လိုအပ်ချက်ရှိနေသည်ကို တွေ့ရကြောင်း၊ အင်ပြည့်အားပြည့် ကစားရန် လိုနေသေးသည်ဟု သုံးသပ်ရကြောင်း၊ အားကစားပြိုင်ပွဲပြီးတိုင်း လေ့လာ သုံးသပ်ပြီး ပြုပြင်ကြသော်လည်း မည်သည့်အတွက်ကြောင့် တိုးတက်သင့်သလောက် မတိုးတက်သည်ကို ဆန်းစစ်ရမည်ဖြစ်ကြောင်း၊ ယခု(၃၁)ကြိမ်မြောက်ပြိုင်ပွတွင် မိမိတို့ထက် လူဦးရေနည်းပြီး နိုင်ငံငယ်သည့် နိုင်ငံများက ဆုတံဆိပ်ရရှိမှုတွင် မိမိတို့အထက်၌ ရှိနေသည်ကို တွေ့ရကြောင်း၊ ပြိုင်ပွဲဝင်သည့် လူဦးရေအရေအတွက်နှင့် အားကစားနည်း နည်းသည့်အတွက်ကြောင့် သို့မဟုတ် စံချိန် ၊ ကြံ့ခိုင်မှု၊ နည်းစနစ်စသည့် အချက်များ ကွာခြားခြင်းကြောင့်လားဟု မေးစရာရှိကြောင်း။

အားကစားနှင့် စီးပွားရေး(ငွေကြေး)၊ နိုင်ငံရေးရော၍မရကြောင်း၊ မိမိတို့နိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်နေခြင်းသည် အိုလံပစ်ပြိုင်ပွဲ အဆင့်ဆင့်သာဖြစ်ပါကြောင်း၊ SEA Game တွင်သာမဟုတ်ဘဲ အာရှအဆင့်အထိ သွားရမည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကမ္ဘာ့အဆင့်အထိ သွားရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အပြည့်အဝအားပေးရန်အသင့်ရှိကြောင်း၊ အဆင့်မီသည့် အားကစားသမားတိုင်းသည် နိုင်ငံကိုယ်စားပြုချင်သည့် စိတ်လည်းရှိရန်လိုကြောင်း၊ ယင်းမှာ တိုင်းပြည်၏ ဂုဏ်သိက္ခာ ဖြစ်ကြောင်း။

ယခုပြိုင်ပွဲတွင်မိမိတို့နိုင်ငံအနေဖြင့် အားကစားသမားများ အရေအတွက် နည်းနည်းဖြင့် ပြိုင်ပွဲအမျိုးအစား တစ်ဝက်လောက်ကိုသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြ သော်လည်း နိုင်ငံအလိုက်အဆင့်တစ်ခုကို ထိုက်ထိုက်တန်တန် ရယူပေးခဲ့ကြသည့် မြန်မာအားကစားသမားများ၏ ကြိုးပမ်းမှု၊ ဇွဲ၊ စိတ်ဓာတ်များနှင့် အောင်မြင်မှုကို မှတ်တမ်းတင် ဂုဏ်ပြုကြရမည်ဖြစ်ကြောင်း။

ထို့ပြင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားအဖွဲ့ချုပ်အသီးသီးမှ မြန်မာအားကစား မောင်/မယ်များ အနေဖြင့် အားကစားစည်းမျဉ်း၊ စည်းကမ်းဥပဒေဘောင်များအတွင်းကနေ အားကစားစိတ်ဓာတ် အပြည့်ဖြင့် တရားနည်းလမ်းကျစွာယှဉ်ပြိုင်အနိုင်ယူပြီး နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း။

ယခုဂုဏ်ပြုပွဲတွင် ပြိုင်ပွဲမသွားမီ ကြိုတင်အသိပေး ကြေညာထားသည့်အတိုင်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၃၀၀ ၊ ငွေတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ် သိန်း ၁၀၀ နှင့် အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့် အားကစားသမား တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့သည့် အားကစားသမားတစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့သည့် အားကစားသမား တစ်ဦးလျှင် ငွေကျပ် ၃၅ သိန်း၊ အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့သည့် နည်းပြများကို မိမိတို့ အားကစားနည်းအလိုက် ရွှေတံဆိပ်ရရှိခဲ့ပါက နည်းပြတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀ ၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀နှင့် အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့များကိုလည်း ရွှေတံဆိပ်ရရှိသည့် အုပ်ချုပ်မှု အဖွဲ့များကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိသည့် အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိသည့် အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၃၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၃၂၇၀ ကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုချီးမြှင့်ငွေများသည် အားကစားနှင့် သက်ဆိုင်သူများအတွက် သင့်တော်သည့် လူမှုဘဝတိုးတက်မှုကို အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ အားကစားသမားများက နိုင်ငံ့ဂုဏ်ဆောင်ရန် အားသွန်ခွန်စိုက် ကြိုးစားသကဲ့သို့ နိုင်ငံတော်ပိုင်းကလည်း လိုအပ်သည့် ပံ့ပိုးမှုများ ရရှိအောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။

ယခုကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူလူထုအပါအဝင် ပံ့ပိုးကူညီကြသူ စေတနာရှင်များ၊ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၏ အားပေး ချီးမြှောက်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ဆုတံဆိပ်များရယူပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသကဲ့သို့ နောင်လာမည့် နိုင်ငံတကာပြိုင်ပွဲများတွင်လည်း အားကစားသမားများအနေဖြင့် မိမိတို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးပမ်းအားထုတ်လေ့ကျင့်မှု၊ စည်းကမ်း လိုက်နာမှု၊ အနိုင်မခံအရှုံးမပေးသည့် စိတ်ဓာတ်များနှင့် ပေါင်းစပ်ပြီး ယခုထက်ပိုမို အောင်နိုင်ရေးအတွက် အလေးအနက်ထား ဆက်လက်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှဒေသအတွင်း ဂုဏ်သိက္ခာအမြင့်ဆုံး အားကစားပြိုင်ပွဲ၊ အာဆီယံနိုင်ငံများ၏ အားကစားအဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲ၊ နိုင်ငံတစ်နိုင်ငံ၏ အားကစားအဆင့်အတန်းကို တိုင်းတာသည့် အားကစားပြိုင်ပွဲကြီးဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲကြီးတွင် နိုင်ငံ့ဂုဏ်ကို မြှင့် တင်ပေးခဲ့ကြသည့် အားကစားသမားများနှင့် တာဝန်ရှိသူအားလုံးကို မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ အားကစားမောင်/မယ်များအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်၊ မေ ၅ ရက် မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင်လည်း ယခုထက်ပိုမိုအောင်မြင်မှု ရရှိရေး မလျော့သောဇွဲ၊ လုံ့လ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ရေကုန်ရေခမ်း ပြိုင်ပွဲဝင်နိုင်ရေး ယခုကတည်းက အားထုတ်ကြိုးပမ်း ပြင်ဆင်သွားကြရန် အလေးအနက် တိုက်တွန်း မှာကြားလိုကြောင်း။

လူငယ်လူရွယ်တိုင်း အားကစားကိုစိတ်ပါဝင်စားပြီး ကျန်းမာသန်စွမ်းသည့် မျိုးဆက်သစ် နိုင်ငံ့သားကောင်းများ၊ အားကစားထူးချွန်သည့် မောင်မယ်များအဖြစ် သက်ဆိုင်ရာ ဒေသကိုယ်စားပြု၊ နိုင်ငံကိုယ်စားပြုသူများ အဆင့်ကနေ အရှေ့တောင်အာရှမှ အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်အောင် ဆက်လက်ကြိုးပမ်းပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်နိုင်မှုများ ယခုထက် ပိုမိုရရှိပြီး နိုင်ငံ့ဂုဏ်ကိုအားကစားဖြင့် မြှင့်တင်နိုင်ကြပါစေဟု တိုက်တွန်းပြောကြားသည်။

ယင်းနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေတံဆိပ်ဆု ရရှိခဲ့ကြသည့် ဗိုဗီနမ် အားကစားနည်းမှ မောင်မနားကွီး၊ မောင်အိုက်စိုးလင်း၊ မောင်ဇင်လင်းထွန်း၊ မောင်ဇော်ဇော်၊ မောင်အောင်ခိုင်လင်း၊ မောင်ရာဇာထွန်း၊ မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုး အောင်၊ မခိုင်ဝါဖူး၊ မမေဟန်နီအောင်လွင်၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ မခင်နှင်းဝေ၊ မဖြူဖြူသန်း၊ မယမုံဇင်၊ ဝူရှူး အားကစားနည်းမှ မောင်သိန်းသန်းဦး၊ Kurash အားကစားနည်းမှ မအေးအေးအောင်၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားနည်းမှ မောင်ရဲထွန်းနောင်၊ ပီတန်း အားကစားနည်းမှ မခင်ချယ်ရီသက်၊ ဘိလိယက်နှင့် စနူကာ အားကစားနည်းမှ ဦးပေါက်စ တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ငွေတံဆိပ်ဆု ရရှိခဲ့ကြသည့် လှေလှော်အားကစားနည်း ကူနူး/ကယက် လေးယောက် တွဲပြိုင်ပွဲမှ မောင်မြင့်ကိုကို၊ မောင်ထက်ဝေလွင်၊ မောင်စောမိုးအောင်၊ မောင်ထွန်းမင်းသန့်၊ မောင်အောင်မျိုးသူ၊ ဘိလိယက်နှင့် စနူကာ အားကစားနည်း နှစ်ယောက်တွဲပြိုင်ပွဲမှ မောင်ပေါက်စ၊ မောင်မင်းစည်သူထွန်း၊ သေနတ်ပစ် အားကစားနည်းနှစ်ယောက်တွဲ ပြိုင်ပွဲမှ မောင်ရဲထွန်းနောင်၊ မချစ်စိုးနွယ်၊ ဝူရှူး အားကစားနည်းမှ မစန္ဒီဦးနှင့် မစုလှိုင်ဝင်း တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jang Phange နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးရွှေကြိမ်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့် တပ်မတော်အရာရှိကြီးများက ဗိုဗီနမ်အားကစားနည်း၊  ဝူရှူးအားကစား နည်း၊ ကာယဗလ အားကစားနည်း၊ Kurash အားကစားနည်း၊ ဘိလိယက်/စနူကာ အားကစား နည်း၊ ပိုက်ကျော်ခြင်း အားကစားနည်း၊ ပီတန်းအားကစားနည်း၊ ဂျူဒိုအားကစားနည်း၊ ပြေးခုန်ပစ်အားကစားနည်း၊ သေနတ်ပစ် အားကစားနည်း၊ ကူနူး/ကယက် အားကစား နည်း၊ တိုက်ကွမ်ဒို အားကစားနည်း၊ လက်ဝှေ့အားကစားနည်း၊ အပြည်ပြည်ဆိုင်ရာ လှေလှော်အားကစားနည်း၊ မြားပစ်အားကစားနည်း၊ အလေးမအားကစားနည်းတို့တွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုရရှိခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် ဆုရအားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရ အားကစားသမားများ ကိုယ်စား ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုရရှိသော ဗိုဗီနမ် အားကစားသမား မမေဟန်နီအောင်လွင် က ကျေးဇူးတင် ပြန်လည်စကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြများကို ဂုဏ်ပြု လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

နိုင်ငံတော်အနေဖြင့်လည်း ပြိုင်ပွဲဝင်အားကစားသမားများ၏ နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်နေမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် လေ့ကျင့်နေစဉ် ကာလအတွင်း တာဝန်ရှိသူများက မကြာခဏ ကြည့်ရှုအားပေးခဲ့သကဲ့သို့ ပြိုင်ပွဲမသွားရောက်မီ အောင်နိုင်ရေးအလံအပ်နှင်းသည့် အခမ်းအနားတွင်လည်း အားကစားသမားတစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှင့် ဒေါ်လာ ၂၀၀ နှုန်း၊ နည်းပြတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှင့် ဒေါ်လာ ၁၀၀ နှုန်းစီချီးမြှင့်ပြီး အားကစား သမားများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။ ထို့ပြင် ထပ်ဆောင်းချီးမြှင့်မှု အဖြစ် အားကစားပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း တစ်ဦးချင်းပြိုင်ပွဲများ တွင် ရွှေတံဆိပ်ရရှိခဲ့ကြသူများကို ဒေါ်လာ ၃၀၀၀၊ ငွေတံဆိပ်ရရှိခဲ့သူများကို ဒေါ်လာ ၂၀၀၀၊ ကြေးတံဆိပ်ရရှိခဲ့ကြသူများကို ဒေါ်လာ ၁၀၀၀၊ အသင်းလိုက် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသူများကို အားကစား သမားတစ်ဦးလျှင် ဒေါ်လာ ၁၀၀၀၊ ငွေတံဆိပ် ရရှိခဲ့ကြသူများကို အားကစားသမားတစ်ဦးလျှင် ဒေါ်လာ ၇၅၀၊ ကြေးတံဆိပ်ရရှိခဲ့ကြ သူများကို အားကစားသမားတစ်ဦးလျှင် ဒေါ်လာ ၅၀၀ နှင့် အကြို ဗိုလ်လုပွဲကို တက်ရောက်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းတို့ကိုလည်း ဒေါ်လာတစ်သိန်း ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။