အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၁၉.၅.၂၂) ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ(၁)ခု၊ ငွေ(၄)ခု၊ ကြေး(၅)ခု ထပ်မံဆွတ်ခူးရရှိ

ဗီယက်နမ်၊ မေ(၁၉)။

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက် ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Hoang Mai အားကစားရုံ၌ ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား/အမျိုးသမီး ဗိုလ်လုပွဲ ပွဲစဉ်များ၌ အမျိုးသမီး (နှစ်ယောက်တွဲ)အသင်းလိုက်(Regu)ပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်းကို (၂-၁)ဖြင့် အနိုင် ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် သတ္တမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူး ရယူပေးနိုင်ခဲ့ပါကြောင်း၊ အမျိုးသား(နှစ်ယောက်တွဲ) အသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ ၂၀ ကီလိုမီတာ အမျိုးသမီး (လမ်းလျှောက်) ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်၌ မြန်မာ၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ယှဉ်ပြိုင်ကြရာတွင် မဇင်မေထက်မှ ငွေတံဆိပ်ဆု ကိုလည်းကောင်း ဆုများအသီးသီး ထပ်မံဆွတ်ခူးရရှိခဲ့ကြပါသည်။

အလားတူ ယနေ့ပြိုင်ပွဲများအဖြစ် ဟနွိုင်းမြို့ရှိ Hoai Duc အားကစားရုံ၌ ဂျူဒို အားကစားနည်းမှ (-57kg) ကီလိုတန်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မခြူးမြတ်နိုးဝေနှင့်   (-63kg) ကီလိုတန်းတွင် မနွယ်နီပွင့်လှိုင် တို့မှ ငွေတံဆိပ်ဆု တစ်ခုစီကိုလည်းကောင်း၊ Hai Phong မြို့၌ ကနူး/ကယက်လှေလှော် အားကစားနည်းမှ ကယက်လှေလှော် မီတာ (၁၀၀၀) အမျိုး သား နှစ်ယောက်တွဲပွဲစဉ်၌ မြန်မာ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နှင့် မလေးရှား နိုင်ငံတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ ကြေးတံဆိပ်ဆု ကိုလည်းကောင်း၊ Tay Ho အားကစားရုံ၌ တိုက်ကွမ်ဒိုအားကစားနည်း အတိုက်ပြိုင်ပွဲ (-49kg) ကီလိုတန်းတွင် မဒေစီဂျူးလိယက်မှ ငွေတံဆိပ်ဆု၊ (-80kg) ကီလိုတန်းတွင် မောင်ထက်ဇော်လင်းနှင့် (-87kg) ကီလိုတန်း ပြိုင်ပွဲတွင် မောင်ကျော်မင်းနိုင် တို့မှ ကြေးတံဆိပ်ဆု တစ်ခုစီကိုလည်းကောင်း၊ Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ (-65kg) ကီလိုတန်းတွင် မဇင်မာခိုင်မှ ကြေးတံဆိပ်ဆုကိုလည်းကောင်း မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များ အသီးသီးထပ်မံဆွတ်ခူး ပေးနိုင်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ယနေ့ယှဉ်ပြိုင်လျက်ရှိသော အားကစားနည်းများမှ ပြေးခုန်ပစ်အားကစားပြိုင်ပွဲ၊ အလေးမအားကစားပြိုင်ပွဲ၊ ဗိုဗိနမ်နှင့် ပိုက်ကျော်ခြင်းအားကစား ပြိုင်ပွဲများတွင် မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ စစ်တုရင်၊ သေနတ်ပစ်၊  ဘိလိယက်၊ လက်ဝှေ့၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ အလေးမနှင့် ဗိုဗီနမ်အားကစားနည်းများတွင် မြန်မာအားကစားအဖွဲ့များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး (20.5.2022) ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ E-Sports၊ ဘော်လီဘော၊ ကနူးလှေလှော်၊ ဂျူဒို၊ ဗိုဗီနမ်၊ အလေးမ၊ လက်ဝှေ့နှင့် ဘိလိယက် အားကစားပြိုင်ပွဲများကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ပါသည်။

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၁၂)ခု နှင့် ကြေးတံဆိပ် (၂၀)ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ်(၃၉)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(၇) တွင် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိပါသည်။