အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (၁၇.၅.၂၀၂၂) ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ (၁)ခု၊ ငွေ (၁)ခု၊ ကြေး (၂) ခု ထပ်မံဆွတ်ခူးရရှိ

ဗီယက်နမ်၊ မေ(၁၇)။

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်း မြန်မာစံတော်ချိန် (၉)နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ ရှိ Ha Dong အားကစားရုံ၌ ဘိလိယက်/စနူကာ အားကစားနည်းမှ English Billiards တစ်ဦးချင်း ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအားကစားသမား ပေါက်စမှ ကမ္ဘာ့ဘိလိယက်ချန်ပီယံ ပြိုင်ပွဲတွင် ရွှေတံဆိပ် (၆)ဆုနှင့် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၆)ဆုရရှိထားသော စင်္ကာပူနိုင်ငံသား မစ္စတာပီတာဂေးခရစ်ကို (၃)ပွဲ (၁)ပွဲ ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပဉ္စမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည့်အတွက် နိုင်ငံ တော်မှ ထပ်မံဂုဏ်ပြုချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ သုံးထောင်ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ‌ကိုယ်စားပေးအပ်ချီးမြှင့်ခဲ့ပါသည်။

မြန်မာအားကစားသမားပေါက်စသည် ကွာတားဖိုင်နယ်ပွဲစဉ်တွင် အိမ်ရှင်ဗီယက်နမ်ကို (၃) ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲတွင် ထိုင်းနိုင်ငံနှင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ (၃)ပွဲ (၁)ပွဲ ဖြင့် ထိုင်းအားကစားသမားကို အနိုင်ရရှိခဲ့ခြင်းဖြစ်ပါသည်။

အလားတူ ယနေ့ပြိုင်ပွဲများအဖြစ် Hanoi National Sport Training Center ၌ ကျင်းပလျှက်ရှိသော သေနတ်ပစ်အားကစားနည်း မီတာ (၅၀) Free Pistol ပြိုင်ပွဲတွင် မြန်မာ သေနတ်ပစ်အားကစားသမား မောင်ရဲထွန်းနောင်မှ ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ပီတန်းအားကစားနည်း (Mixed Triple) သုံးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကိုလည်းကောင်း၊  Hai Phong မြို့၌ ကနူးလှေလှော်ပြိုင်ပွဲတွင် မီတာ (၁၀၀၀) အမျိုးသမီး တစ်ဦးချင်းပွဲစဉ်၌ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကြရာ မြန်မာအားကစားသမား မသက်ဖြိုးနိုင်မှ ကြေးတံဆိပ်ဆုကိုလည်းကောင်း မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များ ထပ်မံဆွတ်ခူးပေးနိုင်ခဲ့ပြီး၊ မီတာ (၁၀၀၀) ကယက်လှေလှော်အားကစားနည်း (အမျိုးသား) တစ်ဦးချင်းပြိုင်ပွဲတွင် မောင်အောင်မျိုးသူနှင့် (အမျိုးသား) လေးတက်လှော်ပြိုင်ပွဲတွင် မောင်ထွန်းမင်းသန့်၊ မောင်ထက်ဝေလွင်၊ မောင်စောမိုးအောင် နှင့် မောင်မြင့်ကိုကို တို့မှလည်းကောင်း၊ ကနူးလှေလှော်အားကစားနည်း မီတာ (၁၀၀၀) (အမျိုးသား) လေးတက်လှော်ပြိုင်ပွဲတွင် မောင်ဝင်းထိုက်၊ မောင်စိုင်းမင်းဝေ၊ မောင်မင်းနိုင်၊ မောင်သန့်ဇင်ဦး တို့မှ ဗိုလ်လုပွဲများသို့ တက်ရောက်သွားခဲ့ပါသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မြားပစ်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ကနူးလှေလှော်၊ ဘိလိယက်၊ ဖူဆယ်၊ တိုက်ကွမ်ဒို၊ E-Sports၊ ပြေးခုန်ပစ်နှင့် လက်ဝှေ့ အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး (၁၈.၅.၂၀၂၂) ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များ အဖြစ် စစ်တုရင်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ကနူး၊ E-sports၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ ဖူဆယ်၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ဗိုဗီနမ်၊ လက်ဝှေ့ နှင့် ဘောလုံး(အမျိုးသမီး) အားကစားပြိုင်ပွဲများကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၆)ခု နှင့် ကြေးတံဆိပ် (၁၁)ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ်(၂၂)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(၇) တွင် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိပါသည်။