အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၁)ကြိမ်မြောက် အရှေ့တောအာရှအားကစားပြိုင်ပွဲ (၁၈.၅.၂၀၂၂)ရက်နေ့တွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ (၁)ခု၊ ငွေ (၂)ခု၊ ကြေး ( ၄)ခု ထပ်မံဆွတ်ခူးရရှိ

ဗီယက်နမ်၊ မေ(၁၈)။

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်း အမျိုးသမီးနှစ်ယောက်တွဲ(သရုပ်ပြ) ပွဲစဉ်တွင် မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့မှ မြန်မာနိုင်ငံအတွက် ဆဌမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက် တန်တန်ဆွတ်ခူးရရှိခဲ့ပြီး၊ အမျိုးသမီး (-55 kg) ကီလိုတန်းတွင် မနှင်းသက်ဝေမှ ကြေးတံဆိပ် ဆုကိုလည်းကောင်း၊ My Dinh National Stadium ၌ ပြေးခုန်ပစ်အားကစားနည်း မီတာ (၁၀၀၀၀) အမျိုးသမီးအပြေးပြိုင်ပွဲတွင် မခင်မာဆယ်မှ ငွေတံဆိပ်ဆု ကိုလည်းကောင်း၊ Hai Phong မြို့၌ ကနူး/ကယက် လှေလှော်အားကစားနည်းမှ ကယက် လှေလှော် မီတာ (၁၀၀၀) အမျိုးသား လေးတက်လှော် ပွဲစဉ်၌ မြန်မာ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ ငွေတံဆိပ်ဆု ကိုလည်း ကောင်း၊ ကနူးလှေလှော် မီတာ (၁၀၀၀) အမျိုးသား လေးတက်လှော်ပွဲစဉ်၌ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံမှ ကြေးတံဆိပ်ဆု ကိုလည်းကောင်း ဆုများအသီးအသီး ထပ်မံရရှိခဲ့ကြပါသည်။

အလားတူ ယနေ့ပြိုင်ပွဲများအဖြစ် Hanoi National Sport Training Center ၌ ကျင်းပ လျှက်ရှိသော မြားပစ်အားကစားနည်း အမျိုးသမီး (Recurve) အသင်းလိုက်ပြိုင်ပွဲ တတိယ နေရာလုပွဲ ပွဲစဉ်၌ မြန်မာအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ကြေးတံဆိပ်ဆု ကို လည်းကောင်း၊ Tay Ho အားကစားရုံ၌ တိုက်ကွမ်ဒိုအားကစားနည်း -63ကီလိုတန်းပြိုင်ပွဲတွင် မောင်ဇော်လင်းထက်မှ ကြေးတံဆိပ်ဆု ကိုလည်းကောင်း၊ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များ ထပ်မံဆွတ်ခူးပေးနိုင်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ယနေ့ယှဉ်ပြိုင်လျက်ရှိသော အားကစားနည်းများမှ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ၊ ဘော်လီဘောအားကစားပြိုင်ပွဲနှင့် ဘောလုံး(အမျိုးသမီး) အားကစားပြိုင်ပွဲများတွင် မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ကနူး၊ E-sports၊ ပြေးခုန်ပစ်၊ ဘိလိယက်၊ ဖူဆယ်၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ဗိုဗီနမ်၊ လက်ဝှေ့ နှင့် ဘောလုံး(အမျိုးသမီး) အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး (1၉.5.2022) ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ စစ်တုရင်၊ သေနတ်ပစ်၊ ပိုက်ကျော်ခြင်း၊ ကနူးလှေလှော်၊ E-sports၊ ဖူဆယ်၊ ဘိလိယက်၊ လက်ဝှေ့၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ အလေးမနှင့် ဗိုဗီနမ်အားကစားပြိုင်ပွဲများကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၈)ခု နှင့် ကြေးတံဆိပ် (၁၅)ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ်(၂၉)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(၇) တွင် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိပါသည်။