အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၂၀.၅.၂၀၂၂)ရက်နေ့၊ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များမှ ရွှေ(၁)ခု၊ ငွေ(၃)ခု၊ ကြေး(၆)ခု ထပ်မံဆွတ်ခူးရရှိ

ဗီယက်နမ်၊ မေ(၂၀)။

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ်အားကစားနည်းမှ Male Multiple Weapon practice: againts 03 other with weapon (လေးယောက်တွဲ)အပြပွဲစဉ်၌ မောင်မနားကွီး၊ မောင်အိုက်စိုးလင်း၊ မောင်ဇင်လင်းထွန်းနှင့် မောင်ဇော်ဇော်တို့မှ မြန်မာနိုင်ငံအတွက် (၈)ခုမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး၊ Female Single Hand practice: Dragon Tiger form (တစ်ကိုယ်တော်လက်သိုင်း)အပြပွဲစဉ်၌ မခိုင်ဝါဖူးမှ ငွေတံဆိပ်ဆုကိုလည်းကောင်း၊ Female Single Weapon practice: Ying Yang sword  form (တစ်ကိုယ်တော်ဓားရှည်)အပြပွဲစဉ်၌ မမေဟန်နီနွေအောင်မှ ငွေတံဆိပ်ဆုကိုလည်း ကောင်း၊ (-65) ကီလိုတန်း (အတိုက်)   ပြိုင်ပွဲတွင် ‌မောင်ဝေသူလွင်မှ ကြေးတံဆိပ်ဆုကို လည်းကောင်း၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ English Billiards Double ပြိုင်ပွဲတွင် မောင်ပေါက်စနှင့် မောင်မင်းစည်သူထွန်းတို့မှ ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ကနူးလှေလှော် (၅၀၀)မီတာ (C4 W) ပြိုင်ပွဲတွင် မောင်ဝင်းထိုက်၊ မောင်မင်းနိုင်၊ မောင်မျိုးလှိုင်ဝင်း၊ မောင်သန့်ဇင်ဦးတို့မှ ကြေးတံဆိပ်ဆု ကို လည်းကောင်း၊ လက်ဝှေ့အားကစားနည်းမှ (-52) ကီလိုတန်းတွင် မောင်လင်းထွဋ်ပိုင်နှင့်   (-48) ကီလိုတန်းတွင် မောင်အေးငြိမ်းထူးတို့မှ ကြေးတံဆိပ်(1)ခုစီကိုလည်းကောင်း၊ ဂျူဒိုအားကစား နည်းမှ (-52) ကီလိုတန်းတွင် မအေးမာလာမှ ကြေးတံဆိပ်(၁)ခုကိုလည်းကောင်း၊ အလေးမအားကစားနည်းမှ (59) ကီလိုတန်းတွင် နော်တဘိုးရာမှ ကြေးတံဆိပ်ဆုကို လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ပါသည်။

 (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ သည့် မြန်မာအားကစားအဖွဲ့မှ Grand Vista Hanoi Hotel ၌ နေထိုင်သည့် ဂျူဒိုအားကစားသမားများနှင့် Grand Phonelx Hotel ၌ နေထိုင်သည့် လက်ဝှေ့အားကစားသမားများအား  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့မှ သွားရောက်တွေ့ဆုံနှုတ်ဆက်၍ အားကစားသမားများအား ပြိုင်ပွဲပြီးဆုံးသည့်နောက်ဆုံးအချိန်အထိ မြန်မာတို့၏မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ် တို့ဖြင့် ကြိုးစားအားထုတ်မှုကို ပြသ၍ယှဉ်ပြိုင်သွားကြရန်၊ အားကစားဖြင့်နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ကြရန်နှင့် အောင်မြင်မှုရရှိသည်နှင့်အမျှ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက စောင့်မျှော် အားပေးဂုဏ်ပြုကြမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ပြီး ဆုတံဆိပ်များရရှိခဲ့ကြသည့် အားကစားသမားများကို နိုင်ငံတော်မှ ထပ်‌ဆောင်းချီးမြှင့်ငွေ  အမေရိကန်ဒေါ်လာ ရွှေတံဆိပ်ဆု (၃)ထောင်၊ ငွေတံဆိပ်ဆု(၂)ထောင်၊ ကြေးတံဆိပ်ဆု (၁)ထောင်အား ပေးအပ်ချီးမြှင့်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ဟနွိုင်းမြို့ရှိ Soc Son Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဗိုဗီနမ်အားကစားပြိုင်ပွဲမှ မြန်မာ အားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟနွိုင်းမြို့ရှိ Ha Dong Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဘိလိယက်နှင့်စနူကာ အားကစားပြိုင်ပွဲမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ဘိလိယက်၊        E-Sports၊ ဘော်လီဘော၊ ကနူးလှေလှော်၊ ဂျူဒို၊ ဗိုဗီနမ်၊ အလေးမ၊ လက်ဝှေ့ အားကစားနည်းများတွင် မြန်မာအားကစားအဖွဲ့များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး (2၁.5.2022) ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သေနတ်ပစ်၊ စစ်တုရင်၊ ဘိလိယက်၊ ကနူး၊ ပိုက်ကျော်ခြင်း၊ Esports၊ အမျိုးသမီး(ဘောလုံး)၊ ဂျူဒို၊ အလေးမ၊ ဗိုဗီနမ်၊ လက်ဝှေ့ အားကစားပြိုင်ပွဲများကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ်(8)ခု၊ငွေတံဆိပ်(၁5)ခု နှင့် ကြေးတံဆိပ် (၂6)ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်းဆုတံဆိပ်(49)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(၇) တွင် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိပါသည်။