အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများအစည်းအဝေးကျင်းပ

တောင်ကြီးမြို့၊ ဇွန်လ(၂၂)ရက်။

ရှမ်းပြည်နယ်အစိုးအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ လူစစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများအစည်းအဝေးကို ဇွန် (၂၂)ရက် မနက်(၀၉:၀၀)အချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ ၊ မြို့နယ်တာဝန်ခံများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီမှတာဝန်ရှိသူများ ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ / နည်းပြများ ၊ ပြိုင်ပွဲကျင်းပရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီးမှ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းအားဖြင့် ရှမ်းပြည်နယ်နှင့် နိုင်ငံတော်အတွက် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာနိုင်မည်ဖြစ်ပါကြောင်း ၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်ထားသောစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရေးမှ တာဝန်ရှိသူများ အနေဖြင့်လည်း အမှတ်ပေးစည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ၊ အုပ်ချုပ်သူ/နည်းပြများအနေဖြင့်လည်း စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ နားလည်သဘောပေါက်ရန် လိုအပ်ပြီး အုပ်ချုပ်သူ/နည်းပြများမှ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ၊ စားသောက်နေထိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ဂရုတစိုက်ယှဥ်ပြိုင်ကစားသွားကြရန် ၊ ဒါဏ်ရာရရှိနိုင်သည့် အားကစားနည်းဖြစ်သည့်အတွက်အသင်းအုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့် မိမိတို့၏ အားကစားသမားများကိုသေချာပြုလုပ်ပေးစေလိုပါကြောင်း ၊ သန့်ရှင်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဖြည့်စွက်ပြောကြားသွားကာ လုံခြုံရေးဆိုင်ရာလုပ်ငန်းစဥ်များကို ရှင်းလင်းချပြသွားခဲ့ကြောင်းသိရှိခဲ့ရပါသည်။

ထို့နောက် ပြည်နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ဒိုင်လူကြီးများ ၊ ပြိုင်ပွဲ ကြီးကြပ်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၊ ပြိုင်ပွဲများကို (၂၃.၆.၂၀၂၃)ရက်နေ့မှ (၁၁.၇.၂၀၂၃)ရက်နေ့ထိ (၁၉)ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း ၊ ပြိုင်ပွဲနှင့်ပတ်သက်ပြီး မရှင်းလင်းသည့်စည်းမျဉ်း/စည်းကမ်းများနှင့် ပတ်သက်သည်များကို ယခုတစ်ပါတည်းမေးမြန်းနိုင်ပါကြောင်း ၊ ယခုပြိုင်ပွဲတွင် ပြည်နယ်ဒိုင်များဖြင့် ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ၊ ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်း/စည်းကမ်းများ ၊ ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ပြိုင်ပွဲဝင်အားကစားအထောက်အကူပြုပစ္စည်းများနှင့် ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကာ ဆက်လက်ပြီး အစည်းအဝေးသို့တက်ရောက်ကြသူများမှ အထွေထွေဆွေးနွေးချက်များကိုတင်ပြခဲ့ကြပြီးနောက် အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၂၈)သင်းဖြင့် အုပ်ချုပ်သူ/နည်းပြနှင့် အားကစားသမား အင်အားစုစုပေါင်း(၆၁၆)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပြီး ရှမ်းပြည်နယ်အတွင်းဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့လာရောက်အားပေးနိုင်ပါကြောင်း သိရှိရပါသည်။