အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ

မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့သည်။

နံနက်ပိုင်းတွင် အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ပညာရေးဝန်ကြီးဌာန (က)အသင်း နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပညာရေးဝန်ကြီးဌာန(က)အသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၄)ဂိုး (၃)ဖြင့်လည်းကောင်း၊ မွန်းလွဲ(၃)နာရီအချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းကစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ပင်နတီ အဆုံးအဖြတ် (၅)ဂိုး (၄)ဂိုး ဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြသည်။

အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များသို့ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

(၃.၇.၂၀၂၃)ရက်နေ့တွင် ပွဲစဉ်များ (၁)ရက် ရပ်နားမည်ဖြစ်ပြီး (၄.၇.၂၀၂၃)ရက်နေ့တွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ တတိယလုပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ကလည်းကောင်း၊ မွန်းလွဲ(၃)နာရီအချိန်တွင် ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပညာရေးဝန်ကြီးဌာန(က)အသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။