အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (15)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ဆက်လက်ကျင်းပသည်။

ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ်  ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိသည်။

အဆိုပါ ပြိုင်ပွဲများသို့ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊  ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ဒီဇင်ဘာလ(၁၆)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ်  ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်း၊ ပညာရေးဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရှိရသည်။