အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၃၀)။

မြန်မာတို့၏ ရိုးရာအမွေအနှစ် ကိုယ်ခံပညာတစ်ရပ်ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်း ဖွံ့ဖြိုး တိုးတက်စေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ရွက်ပုန်းသီးမျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် မြန်မာ့သိုင်းပညာရပ်များ နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား  ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် သိုင်းပညာရပ်သည်  မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သောကြောင့် ပျောက်ပျက်မသွားစေရေး၊ အခြားနိုင်ငံများ၏ ပညာရပ်များ ရောနှော မသွားစေရေးအတွက် ပညာရှင်အချင်းချင်း စည်းလုံးညီညွတ်စွာ ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် ခေတ်နှင့်အညီ ပြန့်ပွားတိုးတက်ရေးကို နိုင်ငံသားတိုင်း၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့သိုင်းပညာသည် နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးပါသည့်အပြင် မြန်မာ့ရိုးရာအမွေအနှစ် ကိုယ်ခံပညာရပ်တစ်ရပ်အနေဖြင့်လည်း အလေးအနက်ထားထိန်းသိမ်းစောင့်ရှောက် သွားရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင်ရှိသော မြန်မာ့သိုင်းပညာရှင်များနှင့် မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က လူငယ်လူရွယ်တိုင်း မြန်မာ့ရိုးရာသိုင်းပညာကို စိတ်ပါဝင်စားလေ့ကျင့်ကစား လာကြစေရန်အတွက် စည်းရုံးဆောင်ရွက်ပြီး လက်ဆင့်ကမ်းလေ့ကျင့်သင်ကြားပေးရန် မှာကြားလိုကြောင်း၊ ပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်မည့် ဒိုင်လူကြီးများအနေဖြင့် ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတ မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့်လည်း မိမိတို့ ကိုယ်စားပြုယှဉ်ပြိုင်သည့်အသင်း အောင်နိုင်ရေးအတွက် မိမိတို့၏ အားကစားစွမ်းရည်များကို ဖော်ထုတ်ပြသ၍ အားကစားစိတ်ဓါတ်အပြည့်အဝဖြင့် အနိုင်မခံ အရှုံးမပေးဘဲ အကောင်းဆုံး ပါဝင် ယှဉ်ပြိုင်ပြီး ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်ပြီး ရိုးရာအမွေအနှစ်ကို ဆက်ခံထိန်းသိမ်းနိုင်သော နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် မြန်မာ့သိုင်းအားကစားသမားကောင်းများ၊ သိုင်းပညာရှင်များဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားကာ ၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား  ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက နိုင်ငံတော်သီချင်းသီဆိုခြင်းနှင့် အားကစားသစ္စာ အဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး မြန်မာ့သိုင်းပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အမျိုးသား/အမျိုးသမီး မြန်မာ့ သိုင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဒီဇင်ဘာလ(၃၀) ရက်နေ့မှ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁) ရက်နေ့အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း (၁၄) သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။