အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့်‌ ပျော်ပွဲရွှင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂၀)။

ကျောင်းသားလူငယ်များ အားကစားကိုစိတ်ပါဝင်စားလာစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဗလစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အားကစားနှင့်ကာယညာဦးစီးဌာနမှ ဦးဆောင်၍ အထောက်အကူပြုဝန်ကြီးဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဦးဆောင်ဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး အထောက်အကူပြုဝန်ကြီးဌာနများအဖြစ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်း၍ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် စနစ်တကျ ကျင်းပပြုလုပ်နိုင်ရေးအတွက် ယခုအစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပရာတွင် ဒိုင်လူကြီးနှင့်ကြီးကြပ်ရေးအဖွဲ့များအား ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ စာသင်ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီ(၆)ခုအား ဖွဲ့စည်းထားရှိထားကြောင်း၊ ပြိုင်ပွဲအတွက် ဗဟိုမှ မတည်ငွေ ကျပ်(၁၀)သိန်းထောက်ပံ့ပေးထားပြီး၊ ယခင်နှစ်များအတိုင်း ဝန်ကြီးဌာနများအလိုက် ကျခံငွေများလည်း ခွဲဝေသတ်မှတ်နိုင်ရေးအတွက် ဆွေးနွေး‌ပေးကြရန်လို ကြောင်း၊ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို အသက်အရွယ်အလိုက်ခွဲခြား၍ အားကစားနည်း(၈) နည်းအပြင် ပြေးခုန်ပစ်(အပြေး)ပြိုင်ပွဲများသာမက (အပစ်နှင့်အခုန်) အားကစားနည်းများနှင့် ယခင်နှစ်များအတိုင်း ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောအားကစားနည်းများကိုပါ ထည့်သွင်းကျင်းပရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ကျောင်းသားလူငယ်များ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောအားစားနည်းကို လေ့ကျင့်ကစားနိုင်စေရန်နှင့် ဆက်လက်အသုံးပြုနိုင်စေရန်အတွက် ကွင်းများကို စနစ်တကျ ဆောက်လုပ်ပေးနိုင်ရန် နေရာရွေးချယ်သတ်မှတ်ပေးသွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်  ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့မှ ပြိုင်ပွဲအတွက် နည်းပြလိုအပ်ချက်များနှင့် အားကစားပစ္စည်း လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ပြီးနောက်  အစည်းအဝေးသို့တက်ရောက် လာကြသော အထောက်အကူပြုဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ပြိုင်ပွဲကျင်းပမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လိုအပ်သည်များ ကို ပေါင်းစပ်ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဟုပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး  ဦးကျော်ဇေယျာထွန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးနိုင်သင်းနှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းနိုင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။