အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) U-18 အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ (3)။

2023ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) U-18 အမျိုးသမီးဘောလုံး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁) နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ မျိုးဆက်သစ်အမျိုးသမီးဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ယခုပြိုင်ပွဲမှတဆင့် ထူးချွန်ထက်မြက်သော ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 အမျိုးသမီးဘောလုံးပြိုင်ပွဲအား ကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် လူငယ်လက်ရွေးစင်အားကစားသမားများပါ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားပြီး ပြိုင်ပွဲအား သတ်မှတ်ထားသော ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းအုပ်ချုပ်သူများအနေဖြင့် မိမိအားကစား သမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျရှိစေရေးအတွက် အထူးကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ပြိုင်ပွဲတွင် ဆုကြေးငွေ များအဖြစ် ပထမဆု ကျပ်(၃၀)သိန်း၊ ဒုတိယဆု ကျပ်(၂၀)သိန်း၊ တတိယဆု ကျပ်(၁၅)သိန်း၊ စတုတ္ထဆု ကျပ်(၁၀)သိန်း၊ အကောင်းဆုံးအားကစားသမားဆုအား ကျပ်(၃)သိန်းနှုန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်က ပြိုင်ပွဲ ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဦးကျော်မြင့်လှိုင်က ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြိုင်ပွဲဝင် အသင်းအုပ်ချုပ်သူ/နည်းပြများမှ ပြိုင်ပွဲကျင်းပမှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်မှု၊ နေထိုင်သွားလာစားသောက်မှုနှင့်ပတ်သက်ပြီး အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ဆွေးနွေးတင်ပြခဲ့မှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အုပ်စုမဲနှိုက်ခြင်းနှင့် ပွဲစဉ်ဇယားရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) U-18 အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ(၅)ရက်နေ့မှ (၁၉)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့် (၃)တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အသင်း(၁၂)သင်း၊ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားအင်အား စုစုပေါင်း (၂၇၈)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။