အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) U-18  (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၇)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား  ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ မွန်းလွဲ(၃)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ  အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ဦးကျော်စိုးမိုး၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူ များနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ U-18(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အုပ်စု ပွဲစဉ်တွင် ပဲခူးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၈)ဂိုး၊ (၁)ဂိုးဖြင့် လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ရှမ်းပြည်နယ်အသင်းက  ကချင်ပြည်နယ်အသင်းကို (၇)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။

ဒီဇင်ဘာ(၈)ရက် မွန်းလွဲ(၃)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ U-18(အမျိုးသမီး) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။