အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U -18 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား  ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) U-18(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)တို့၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၏ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် (နေပြည်တော်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ) ဦးမြင့်စိုးနှင့်ဇနီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဦးကျော်စိုးမိုး၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေး တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို (၅)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မကွေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၃)ဂိုး၊(၂)ဂိုးဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

(၇.၁၂.၂၀၂၂)ရက်နေ့၊ မွန်းလွဲ(၃)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ ဘောလုံး အားကစားနည်းကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။