အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင်(၃)။

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)မှ လက်ရွေးစင်မြားပစ်အားကစားသမားများနှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ လူငယ်မျိုးဆက်သစ်မြားပစ်အားကစားသမားများ၏ ၂၀၂၃ ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြားပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်ပိုင်းတွင် မြား(၃၆)ချောင်း (၂)ကြိမ်၊ မြား(၇၂)ချောင်း (Ranking Round) ပစ်ခတ်ခဲ့ပြီးနောက် ညနေပိုင်းတွင် ရှုံးထွက်ပွဲစဉ်များအဖြစ် ကွာတားဖိုင်နယ်ပွဲစဉ်များ၊ အကြို ဗိုလ်လုပွဲ ပွဲစဉ်များ၊ တတိယလုပွဲ ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ပစ်ခတ်ခဲ့ကြသည်။

အဆိုပါ Compound တစ်ဦးချင်းရှုံးထွက် တတိယလုပွဲ ပွဲစဉ်တွင် မောင်မြင့်မြတ်ဗိုလ်နှင့် မကေကေခိုင်တို့ ယှဉ်ပြိုင်ပစ်ခတ်ခဲ့ရာ မောင်မြင့်မြတ်ဗိုလ်က ရမှတ် (၁၂၇)မှတ်၊ မကေကေခိုင်က ရမှတ် (၁၁၄)မှတ်ဖြင့် မောင်မြင့်မြတ်ဗိုလ်က တတိယဆုကိုလည်းကောင်း၊ Recurve တစ်ဦးချင်းရှုံးထွက် တတိယလုပွဲ ပွဲစဉ်တွင် မပြည့်စုံနှင်းနှင့် မသီတာနွယ်တို့ ယှဉ်ပြိုင်ပစ်ခတ်ခဲ့ရာ မပြည့်စုံနှင်းက ရလဒ် (၃)ပွဲပြတ်ဖြင့် တတိယဆုကိုလည်းကောင်း၊ Compound တစ်ဦးချင်းရှုံးထွက် ဗိုလ်လုပွဲ ပွဲစဉ်တွင် မောင်ဇင်သူရိန်မှူးနှင့် မောင်အောင်ကိုဦးတို့ ယှဉ်ပြိုင်ပစ်ခတ်ခဲ့ရာ မောင်အောင်ကိုဦးက ရမှတ် (၁၁၇)မှတ်ဖြင့် ဒုတိယ၊ မောင်ဇင်သူရိန်မှူးက ရမှတ်(၁၃၀)မှတ်ဖြင့် ပထမဆုကိုလည်းကောင်း၊ Recurve တစ်ဦးချင်းရှုံးထွက် ဗိုလ်လုပွဲ ပွဲစဉ်တွင် မောင်သီဟထက်ဇော်နှင့် မောင်နိုင်လင်းထက်တို့ ယှဉ်ပြိုင်ပစ်ခတ်ခဲ့ရာ မောင်သီဟထက်အောင်က ရလဒ်(၃)ပွဲပြတ်ဖြင့် မောင်နိုင်လင်းထက်အား ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ပထမဆုကိုလည်းကောင်း၊ မောင်နိုင်လင်းထက်က ဒုတိယဆုကိုလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ Compound တစ်ဦးချင်း ရှုံးထွက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိခဲ့သူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းကလည်းကောင်း၊ Recurve တစ်ဦးချင်းရှုံးထွက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။