အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂‌၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

တောင်ကြီး၊ ဇွန် လ(၂၄)ရက်။

၂၀၂၃ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်(၂၄)ရက် ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အသက်(၁၉)နှစ်အောက် မြို့နယ်အလိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကျန်းမာကြံ့ခိုင်သော အမျိုးသမီးများ ပေါ်ထွက်လာစေရေး၊ အမျိုးသမီးတို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အမျိုးသမီးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ မြန်မာအမျိုးသမီးဘောလုံးအသင်းအား တစ်ထောင့်တစ်နေရာမှ အထောက်အကူဖြစ်စေရေး၊ မြန်မာအမျိုးသမီးများ၏ ကျား/မ တန်းတူအခွင့်အရေး ရရှိပြီး ပြိုင်တူဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးတို့ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမှ ရှမ်းပြည်နယ် ကိုယ်စားပြု အမျိုးသမီးဘောလုံး လက်ရွေးစင်များရွေးချယ်ပြီး ၂၀၂၃ ခုနှစ် သြဂုတ်လ(၂၄)ရက်မှ စက်တင်ဘာ(၁၃)ရက်နေ့အထိ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်က အ.ထ.က(၇) ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပြီး ပြိုင်ပွဲဝင်မြို့နယ်အလိုက် အသင်း(၂၈)သင်းကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဂုဏ်ပြုချီးမြှင့်ငွေကျပ် တစ်သင်းလျှင်(၃)သိန်းနှုန်းဖြင့် ပေးအပ်ချီးမြှင့်ပေးကြကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ အားကစားဝါသနာရှင်များမှ တာချီလိတ်မြို့နယ်အသင်းနှင့် ကလောမြို့နယ်အသင်းတို့ ယှဉ်ကစားနေမှုကို ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။

အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်(၂၈)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇွန်လ(၂၃)ရက်မှ ဇူလိုင်(၁၁)ရက်နေ့ထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။