အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

တောင်ကြီး၊ ဇွန်လ(၆)ရက်။

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်(၅)ရက် ညနေ့(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည်။

ဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဖူဆယ်ဘောလုံးအားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု၊ လျှင်မြန်ဖြတ်လက်မှု၊ သက်လုံနှင့်ကြံ့ခိုင်မှုကိုပါ ပြည့်ဝရန်လိုအပ်သည့်အပြင် အသင်းလိုက်အပေးအယူမျှမျီနှင့်ကစားရသည့်အားကစားနည်းဖြစ်ပါကြောင်း၊ ဖူဆယ်ကစားခြင်းသည် အပေါင်းအသင်း မိတ်ဆွေများတိုးပွားစေခြင်း၊ အသင်းလိုက် စုစည်းညီညွှတ်စွာ ပူးပေါင်းလုပ်ဆောင်တတ်သော အလေ့အကျင့်ကောင်းများရရှိစေခြင်းနှင့် မိမိကိုယ်ကိုယုံကြည်မှုတိုးပွားစေခြင်းကို ကစားရင်းအလိုအလျောက်ရရှိစေနိုင်သော အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ယခုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့်ခရိုင်များအလိုက် အမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးကစားသမားများအနေဖြင့်နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည့် အမျိုးသားအားကစားမြင့်တင်ရေးတာဝန်များကို ဦးထိပ်ထားပြီး မြန်မာ့အားကစားအဆင့်အတန်းမြင့်ရေးကို အမျိုးသားရေးအမြင်ဖြင့် ယှဉ်တွဲပြီးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်းပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့များသည် ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်အဖွဲ့များအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်းနှင့် အမျိုးသားပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပလောင်အသင်းနှင့် လားရှိုးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးနှင့်တာဝန်ရှိသူများကကြည့်ရှုအားပေးကြရာ လားရှိုးခရိုင်အသင်းမှအနိုင်ရရှိကြောင်းသိရသည်။

အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့်ခရိုင်များအလိုက် ဖူဆယ်ပြိုင်ပွဲတွင်အမျိုးသား(၁၃)သင်း၊အမျိုးသမီး(၅)သင်းပါဝင်ယှဉ်ပြိုင်၍ ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်မှ (၁၁)ရက်ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။