အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင်အသက်(၂၅)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန်လ(၁၃)ရက်။

၂၀၂၃ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၁၅:၀၀)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ အမျိုးသား အားကစားပြိုင်ပွဲရုံ(၂)၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ဗိုလ်လုပြိုင်ပွဲအဖြစ် မရမ်းကုန်းခရိုင် အမျိုးသားဖူဆယ်ဘောလုံးအသင်းနှင့် ဗိုလ်တထောင်ခရိုင် အမျိုးသားဖူဆယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မရမ်းကုန်းခရိုင် အမျိုးသားဖူဆယ်ဘောလုံးအသင်းက (၁:၀)ဖြင့် အနိုင်ရရှိခဲ့ပါသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသော ဒဂုံမြို့သစ်ခရိုင် အသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ငွေသားဆုကျပ် (၂)သိန်းအား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်မှလည်းကောင်း၊ ဒုတိယဆုရရှိသော အလုံခရိုင် အသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ငွေသားဆုကျပ် (၃)သိန်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းမှလည်းကောင်း၊ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသော မင်္ဂလာဒုံခရိုင်အသင်းကို တစ်ဦးချင်း ဆုတံဆိပ်များနှင့်အတူ ငွေသားဆုကျပ်(၂)သိန်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်မှလည်းကောင်း၊ ဒုတိယဆုရရှိသော ဗိုလ်တထောင်ခရိုင် အသင်းကို တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ငွေသားဆုကျပ် (၃)သိန်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းမှ အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော သန်လျင်ခရိုင်အသင်းနှင့် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော မရမ်းကုန်းခရိုင်းအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုကျပ်(၅)သိန်းစီ နှင့် အတူ တံခွန်စိုက် ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

ဆက်လက်၍ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော သန်လျင်ခရိုင်အသင်းအား သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထပ်ဆောင်းချီးမြှင့်ငွေကျပ် (၅)သိန်းအား သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်သိုက်ဝင်းကလည်းကောင်း၊ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသောမရမ်းကုန်ခရိုင်အသင်းအား မရမ်းကုန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထပ်ဆောင်းချီးမြှင့် ငွေကျပ် (၄)သိန်းအားလည်းကောင်း၊ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဗိုလ်တထောင်ခရိုင်အသင်းအား ဗိုလ်တထောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထပ်ဆောင်းချီးမြှင့် ငွေကျပ် (၂)သိန်းတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။