အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇူလိုင်(၂၉)။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် ကွာတားဖိုင်နယ်ပြိုင်ပွဲ(အမျိုးသား) ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း က မွန်ပြည်နယ်အသင်းကို (၅)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၅)ဂိုး (၄)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက နေပြည်တော်ကောင်စီနယ်မြေ အသင်းကို (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ တပ်မတော်မှအရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။

ဇူလိုင်(၃၀)ရက်နေ့ နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ရုံ၌ ဆီမီးဖိုင်နယ်(အမျိုးသမီး)ပွဲစဉ်များအဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့မှ လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ဖူဆယ်အားကစားကို စိတ်ပါဝင်စားသည့်မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။