အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇူလိုင်(၃၀)။

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် (၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။

ယနေ့ နံနက်ပိုင်းတွင် (အမျိုးသမီး)ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၄)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်များတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၄)ဂိုး ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တပ်မတော်မှ အရာရှိကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဇူလိုင်(၃၁)ရက်နေ့ ဗိုလ်လုပွဲ(အမျိုးသမီး)ပွဲစဉ်များအဖြစ် နံနက် (၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ တတိယလုပွဲ ပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ (အမျိုးသား)ပွဲစဉ်များ အဖြစ် တတိယလုပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး ဖူဆယ်အားကစားကို စိတ်ပါဝင်စားသည့်မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။