အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ မေလ(၁၈)ရက်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၈)နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးခန်းမ(၃)၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ် အဖွဲ့ချုပ် ဥက္ကဌ ဦးမျိုးသူရနှင့် အမှုဆောင်များ တက်ရောက်ကြပါသည်။

ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်က ရန်ကုန်တိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးရမှာဖြစ်တဲ့အတွက် လာရောက်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အားကစားအဖွဲ့များ၏ သွားလာနေထိုင် ယှဉ်ပြိုင်ရေးကိစ္စရပ်များတွင် လစ်ဟာမှုမရှိစေရေး၊ ပြိုင်ပွဲကြီးအောင်မြင်စွာ ခမ်းခမ်းနားနားကျင်းပနိုင်ရေးတို့ကို မိမိတို့ အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်အနေဖြင့်လည်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပြိုင်ပွဲစနစ်တကျ ကျင်းပနိုင်ရေးနှင့် ဒိုင်လူကြီးများ တရားမျှတစွာဖြင့် အနိုင်/ အရှုံး ဆုံးဖြတ်နိုင်ရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ပေးရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကော်မတီတို့မှ တာဝန်ရှိပုဂ္ဂိုလ်များမှ လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးတို့ကလည်းကောင်း၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ပြီးနောက် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ ပြိုင်ပွဲနှင့်ပတ်သည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူတင်းနစ်ကွင်း၌ မေလ (၂၂)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားအသင်း (၁၅)သင်း၊ အမျိုးသမီး အသင်း(၁၂)သင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။