အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (11)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ (75) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်(9)နာရီတွင် နေပြည်တော် ဝဏ္ဏိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲများမှ အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ဘော်လီဘော(အမျိုးသမီး)ဆီမီးဖိုင်နယ် ပြိုင်ပွဲ ပွဲစဉ်များတွင် ရန်ကုန် တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊

ဘော်လီဘော (အမျိုးသား) ဆီမီးဖိုင်နယ် ပြိုင်ပွဲ ပွဲစဉ်များတွင်  ရန်ကုန်တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်သင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက နေပြည်တော်အသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

ဒီဇင်ဘာ(၁၂)ရက်၊ နံနက်(၉)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘော (အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်များအဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း ဘော်လီဘော(အမျိုးသား) တတိယလုပွဲ ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းနှင့် နေပြည်တော်အသင်း တို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင် ကြောင်း သိရှိရသည်။